တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်မှာ လုပ်အားပေးခေါင်းစဉ်နဲ့ တစ်အိမ်တစ်ယောက် မဖြစ်မနေ လာရောက်ကြဖို့ နယ်မြေမှူးတွေက လိုက်လံဆော်ဪနေတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။
တကယ်တော့ စစ်မှုထမ်းအစည်းအဝေး တက်ရောက်မယ့်သူမရှိလို့ လုပ်အားပေးအကြောင်းပြကာ ဇွန်လ ၈ ရက်နေ့ အ.မ.က ၂၀ ကျောင်းမှာ အစည်းအဝေးပြုလုပ်ဖို့ လူစုဝေးနေတာလို့ ဆိုပါတယ်။
နယ်မြေ ၁၂ မှာ နေထိုင်သူ တစ်ဦးက “ဘယ်လိုသိလဲဆိုတော့ နယ်မြေမှူးနဲ့ အမျိုးတော်တဲ့လူက ပြောပြတာ။ တစ်ခါမှလည်း အဲလိုခေါ်တာ မရှိဘူးလေနော်။ အခုက သွားမယ့်လူက ရှိပြီးသား။ အဲဒါကို သဘောတူလား၊ မဲနှိုက်မလား၊ ပိုက်ဆံထည့်မလား အဲဒါ ဆွေးနွေးကြမှာပေါ့” လို့ ပြောပါတယ်။
တောင်ကြီးမြို့၊ ရပ်ကွက်အများစုမှာ စစ်မှုထမ်းအစည်းဝေး ခေါ်ယူတိုင်း တက်ရောက်တဲ့ လူငယ်တွေကို စစ်ကောင်စီတပ်က တခါတည်း စစ်မှုထမ်းဖို့ ခေါ်ယူတတ်တာကြောင့် လူကြီးတွေသီးသန့်သာ သွားရောက်ကြဖို့ သူက သတိပေးပါတယ်။
ကျောင်းကြီးစုရပ်ကွက်၊ တောင်ကြီးတက္ကသိုလ်အနီးက ဘော်ဒါဆောင်တွေကိုလည်း နေရပ်ပြန်တဲ့ ကျောင်းသားတွေကို ပြန်ရောက်တာနဲ့ ချက်ချင်း သတင်းပို့ခိုင်းပြီး ပျက်ကွက်သူတွေကို စစ်မှုထမ်း ခေါ်ယူမယ်သွားမယ်လို့ သိရပါတယ်။
နယ်မြေမှူးနဲ့ နီးစပ်သူ တစ်ဦးက “လူသိမှာစိုးလို့ ဖိတ်စာတောင် မပို့ဘူး။ အရင်တစ်ခါ သူတို့ဈေးပိုင်းမှာ လုပ်တုန်းကလည်း လာတဲ့သူ မရှိဘူးလေ။ လိုက်ဖိတ်နေတာက ရာအိမ်မှူးရဲ့သား၊ သူ့အဖေသေတော့ သူဆက်လုပ်နေတာ” လို့ ပြောပါတယ်။
တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ အမြောက်တပ်မှာလည်း မေလယ်လောက်ကစပြီး စစ်သင်တန်း တက်ရောက်နေတဲ့ ပအိုဝ်းပြည်သူ့စစ် (PNA) တပ်သားသစ်တွေကို ရပ်ကွက်နေပြည်သူတွေက နယ်မြေအလိုက် နေ့တိုင်းအလှည့်ကျ ထမင်းထုပ် ပို့ပေးနေရတယ်လို့ စုံစမ်းသိရပါတယ်။