ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့မှာ စစ်ကောင်စီက ပြည်သူတွေ ၅ ဦးနဲ့အထက် မစုရနဲ့ ညမထွက်ရ တားမြစ် အမိန့် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
အဲ့ဒီ အမိန့်ကို စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့မှာ ထုတ်ပြန်တယ်လို့ ဖော်ပြထားပြီး အမိန့်စာကို စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးဌာနက ရပ်ကွက်တွေထဲမှာ လိုက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကြီးမြို့နယ် အတွင်း လူအချို့ဟာ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် ဆောက်ရွက်နေတဲ့ အတွက် လူ ၅ ဦးနဲ့ အထက် စုဝေးသွားလာတာကို ခွင့်မပြုတဲ့အပြင် ည ၁၂ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်တယ်လို့ စစ်ကောင်စီရဲ့ အမိန့်စာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တောင်ကြီးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဆန္ဒပြခြင်းတွေကို ခွင့်မပြုဘူးလို့လည်း စစ်ကောင်စီရဲ့ အမိန့်စာမှာ ပါရှိပါတယ်။
စစ်ကောင်စီက အခုလို ထုတ်ပြန်တာဟာ ပြည်သူလူထုကို ဖိနှိပ်နေတာဖြစ်ပြီး စစ်အာဏာရှင်တွေရဲ့ လုပ်ရိုးလုပ်စဉ်သာ ဖြစ်တယ်လို့ တောင်ကြီးမြို့ခံ တစ်ဦးက ဝေဖန် ပြောဆိုပါတယ်။
“တမင်သက်သက် ပြည်သူကို နှိပ်စက်တာလေ။ ပြီးတော့ သူတို့လုပ်စားလို့ ကောင်းအောင် လုပ်နေတာ။ အာဏာရှင် အောက်မှာနေရင် အခုလိုပဲ နှိပ်စက်ခံရမှာပဲ။ ဒီလို မခံချင်ရင် တော်လှန်ရေး အမြန်ပြီးဖို့ ဝိုင်းဝန်ကြဖို့ လိုတယ်” လို့ သူကပြောပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့မှာ ညမထွက်ရ အမိန့် လစဥ် ထုတ်ပြန်ခဲ့ပေမယ့် အခုလို မထုတ်ပြန်တော့တာ လအတန်ကြာနေပြီလို့ မြို့ခံတွေက ပြောပါတယ်။