ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်၊ အနောက်မြို့ပတ်လမ်း၊ စစ်တပ်ပိုင် မိုင်တဲ-Mytel ဆက်သွယ်ရေးရုံးမှာ စစ်ကောင်စီတပ်သား တစ်ဦး အဆုံးစီရင်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဩဂုတ်လ ၂၈ ရက်၊ မနက် ၈ နာရီခန့်က မိုင်တဲရုံးရဲ့ အပေါ်ဆုံးထပ်မှာ ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သား တစ်ဦးဟာ တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့တာလို့ ရုံးအနီးမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
“သူခုန်ချတော့ ခြံဝင်းတံခါး သံချောင်းတွေနဲ့ ဗိုက်မှာ စိုက်ဝင်ပြီး ပွဲချင်းပြီးသွားတာ။ အော်သံ အကျယ်ကြီး ကြားရတယ်။ ကြည့်ရတာ သူ့တို့လည်း လုံခြုံရေးအတွက် အကြောက်လွန်ပြီး ဆေးတအားသုံးတော့ ဆေးကြောင်တာ ထင်တယ်” လို့ သူကပြောပါတယ်။
ခြံဝင်းတံခါး သံချောင်းမှာ စိုက်ဝင်နေတဲ့ အလောင်းကို နေရာရွှေ့ရဲသူ မရှိတာကြောင့် နောက်ရက် ဩဂုတ် ၂၉ မှ စစ်ကောင်စီတပ်တွေ ရောက်လာပြီး စဝ်စံထွန်းဆေးရုံ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
“အလောင်းဘယ်သူမှ မသယ်ရဲဘူး။ ကြည့်တောင် မကြည့်ရဲဘူး။ အခုတော့ သရဲခြောက်တယ်လို့ ပြောတယ်။ ဝန်ထမ်းတွေတောင် လုံခြုံရေး အများကြီး ငှားထားတယ်။ သရဲခြောက်လို့တဲ့” လို့ ရုံးအနီးမှာ နေထိုင်သူ တစ်ဦးက ေပြပါတယ်။
သေဆုံးသူ စစ်ကောင်စီတပ်သားရဲ့ ရုပ်အလောင်းကို ဩဂုတ်လ ၂၉ ရက်နေ့မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး ဒီနေ့ ဩဂုတ် ၃၁ မှာ ရက်လည် ဆွမ်းကပ်ခဲ့တယ်လို့ မိုင်တဲရုံးနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အဲ့ရုံးမှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ တတိယပတ်ကစပြီး စစ်သား ၅ ယောက်စီ အလှည့်ကျ ကင်းစောင့်ရကာ အခုဖြစ်စဥ် ဖြစ်ပွားပြီးနောက် စစ်သား ၁၀ ဦးကျော် ညလုံးပေါက် စောင့်ကြပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း စစ်အာဏာသိမ်း တစ်နှစ်ပြည့် အထိန်းအမှတ် မြို့ပြပြောက်ကျားတပ်က မိုင်တဲရုံးအနီးမှာ အသံမိုင်း ၂ လုံး ဖောက်ခွဲ ခဲ့ပါသေးတယ်။