ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးမြို့ ဆင်ခြေဖုံး ရပ်ကွက် ၅ ခုမှာ PDF နဲ့ ဆက်စပ်မှု ရှိမရှိ ညစဉ် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေတာ ၄ ရက်ခန့်ရှိပြီလို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
မြို့ဆင်ခြေဖုံး ရပ်ကွက်တွေဖြစ်တဲ့ စိန်ပန်း၊ ရွှေတောင်၊ ကျောင်းကြီးစု၊ ကံသာ စတဲ့ အခြေခံ လူတန်းစား အများစု နေထိုင်တဲ့ နယ်မြေတွေကို အဓိကထား စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
အိမ်တွေထဲ ဝင်ရောက် စစ်ဆေးရာမှာ မူးယစ်ဆေး စစ်ဆေးတာလို့ အကြောင်းပြ ပေမယ့် အရှည် တစ်ပေကျော် ဓားနဲ့ အခြား အလှဆင် ဓားတွေ တွေ့ရင် အိမ်ရှင်ကို ဖမ်းပြီး ရဲနဲ့ ရပ်ကွက်ရုံးက လူတစ်ချို့ ဝိုင်းရိုက်ပြီးမှ ရဲစခန်းခေါ်ဆောင် ငွေညှစ်ကာ ငွေပြန်ပေးနိုင်မှ လွှတ်ပေးတယ်လို့ သိရပါတယ်။
“အိမ်ထောင်စု ဇယားနဲ့ စစ်တာ၊ ဟိုမွှေဒီမွှေနဲ့ ပစ္စည်းတွေကို။ ဆေးရှာတာလို့တော့ ပြောတာပဲ။ ဓားတွေ့ရင်တော့ ဖမ်းတယ်။ ရုံးမှာရိုက်တယ်။ စခန်းမှာ ရောက်ရင် ငွေညစ်တယ်” လို့ ရွှေတောင် ရပ်ကွက်နေသူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ရပ်ကွက်တွေထဲ တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံ စစ်ဆေးရာမှာ ရဲ ၁၀ ယောက်ခန့်၊ စစ်ဝတ် ၂ ယောက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး ၂ ဦးနဲ့ အရပ်ဝတ်လူ တစ်ချို့ ပါဝင်ပြီး ရပ်ကွက်နဲ့ သက်ဆိုင်ရာ နယ်မြေ အလိုက် အဖွဲ့ခွဲပြီး စစ်ဆေးတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လလယ်က တောင်ကြီးမြို့နယ်၊ အောင်သပြေမြို့ရှိ (၂၂၂) တပ်ပေါ် ဒရုန်းတွေဝဲလို့ဆိုပြီး ဆည်လဲရပ်ကွက်မှာ ည ၇ နာရီ နောက်ပိုင်း အပြင်ထွက်ခွင့် ပိတ်ခဲ့သလို တခြား ရပ်ကွက်တွေမှာလည်း အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်က မူးယစ်ဆေး အကြောင်းပြ ဖမ်းဆီး စစ်ဆေးတာတွေ လုပ်ခဲ့ပါသေးတယ်။