ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ ပြုလုပ်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ အလိုမရှိ ဆန္ဒပြပွဲမှာ စစ်ကောင်စီက ကရင်နီ စစ်ဘေးရှောင်တွေကို ဖိအားပေးပါဝင်ခိုင်းခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
တောင်ကြီးမြို့အတွင်း ဧည့်စာရင်းတိုင်ထားကြတဲ့ ကရင်နီစစ်ဘေးရှောင်တွေဟာ မနေ့ (ဇန်နာဝါရီ ၁၂)က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲရဲ့ လူဦးရေ ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကရင်နီ စစ်ဘေးရှောင် တစ်ဦးက “အိမ်ကို စစ်သားတွေ အုပ်စုလိုက် သေနတ်နဲ့ လာတော့ လန့်သွားတာပေါ့နော်။ ကျနော်တို့ကို ပါဝင်ပေးရမယ် ပြောတယ်။ ကျနော်တို့လည်း ပါလို့မရဘူးဆိုတော့ သေနတ်ပြပြီး ဒါကြည့်ထားလို့ ပြောတယ်။ လူတွေအမြင်မှာ စစ်ရှောင်တွေကလည်း စစ်ပွဲအလို မရှိဘူး ဆိုတာမျိုး ဖြစ်စေချင်တာပေါ့” လို့ ပြောပါတယ်။
မိသားစု လူဦးရေရဲ့ တစ်ဝက်က ထွက်ပေးရပြီး လူ ၂ ဦးတည်း ရှိတဲ့ အိမ်တွေက ၂ ဦးလုံး ထွက်ရတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီ ဆန္ဒပြပွဲကို စစ်တပ်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ထောက်ခံသူများ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များ၊ ဖိအားပေးခံရတဲ့ စစ်ဘေးရှောင်များ၊ သူတောင်းစားများနဲ့ ပအိုဝ်း တိုင်းရင်းသားများက ပါဝင်ခဲ့ကြပြီး လူဦးရေ ၁,၀၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။
ဆန္ဒပြပွဲ မတိုင်ခင် ရှေ့ ၂ ရက်လောက်ကတည်းက တောင်ကြီးမြို့နယ်အတွင်း ပအိုဝ်းရွာတွေမှာ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ (PNO)က တစ်အိမ် တစ်ယောက် မထွက်မနေရ သတ်မှတ်ထားပြီး မပါဝင်တဲ့ အိမ်တွေက ငွေကျပ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ပါဝင်တဲ့ လူတွေကိုတော့ လမ်းစရိတ် အဖြစ် ငွေကျပ် ၁၀,၀၀၀ ချီးမြှင့်ခဲ့ပြီး ခေါင်းဆောင်ပိုင်းတွေက ၃၀,၀၀၀ ကျပ်အထိ ရခဲ့တယ်လို့ ပါဝင်ခဲ့သူတွေက ပြောပါတယ်။
မနေ့က ပြုလုပ်တဲ့ ဆန္ဒပြပွဲဟာ ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နဲ့ ရခိုင်တပ်တော်(AA)တို့ကို ဆန့်ကျင် ဆန္ဒပြတဲ့ပွဲ ဖြစ်ပြီး ဗိုလ်ချုပ်လမ်း တစ်လျှောက် လှည့်လည်ကြွေးကြော်ကာ ပြီးဆုံးခဲ့တယ်လို့ စုံစမ်း သိရပါတယ်။