ရှမ်းပြည် တောင်ကြီးမြို့ပေါ်ရပ်ကွက် တချို့မှာ စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ နယ်မြေမှုးတွေက သင်္ကြန်ပွဲတော် ကျင်းပဖို့အတွက် တစ်အိမ်တက်ဆင်း အလှူခံစာရွက် လိုက်ဝေနေတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
တောင်ကြီးမြို့၊ ရေအေးကွင်း၊ ဘုရားဖြူ၊ ကန်ရှေ့၊ ညောင်ရွှေဟော်ကုန်း၊ ဈေးပိုင်း၊ လမ်းမတော်၊ မြို့မ စတဲ့ရပ်ကွက်တွေမှာ မတ်လ ၃၁ ရက်နေ့ကတည်းက ဝေမျှခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံးထား ထည့်ဝင်ရမယ်လို့ ဆိုပါတယ်။
ရေအေးကွင်း ရပ်ကွက်နေ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက “သူတို့က စေတနာ ရှိသလောက် ပြောပေမယ့် ၁၀,၀၀၀ အောက်ဆုံး ထည့်ရတယ်။ စစချင်းက ၅,၀၀၀ ထည့်ကြည့်လိုက်တာ အနည်းဆုံး ၁၀,၀၀၀ ထည့်ပေးပါ ဘာညာဆိုလို့ ထည့်လိုက်ရတယ်။ အဲလိုဆိုလည်း စေတနာ ရှိသလောက် ဘာညာ မရေးသင့်ဘူးလေ။ မပြောတတ်ဘူးလေ သူတို့ အိတ်ထဲရောက်ရင်လည်း ရောက်မှာပေါ့” လို့ ပြောပါတယ်။
ရေအေးကွင်းရပ်ကွက်က တချို့ နေအိမ်တွေကို ၁၀,၀၀၀ ကျပ် ကောက်ခံခဲ့ပေမယ့် တခြား ရပ်ကွက်တွေမှာတော့ ၅,၀၀၀ ကျပ်ကောက်ခံတာတွေလည်း ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီ အစိုးရဟာ သင်္ကြန်ပွဲတော် ကျင်းပပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းနေကြောင်း ဝါဒဖြန့်ဖို့အတွက် တောင်ကြီးမြို့အတွင်း မြို့ဈေးအနီး ဗဟိုမဏ္ဍပ်၊ စုပေါင်းရုံးနဲ့ ဗိုလ်ချုပ်ပန်းခြံနီးအနီး မဏ္ဍပ်၊ တောင်ကြီးဟိုတယ် (အိမ်တော်)ရှေ့ မဏ္ဍပ် ဆိုပြီး ၃ ခု ဆောက်လုပ်နေပြီလို့ ဆိုပါတယ်။
ကန်ရှေ့ရပ်ကွက်နေ အမျိုးသမီး တစ်ဦးက “ဟုတ်တယ်။ ကန်ရှေ့ ရပ်ကွက်ရုံးမှာ အကတောင် တိုက်နေပြီ။ ယိမ်းသမရွေးခံရရင် ငြင်းလို့မရတော့ဘူး။ အများစုကတော့ Non_CDM ထဲက ခေါ်တာပေါ့” လို့ ပြောပါတယ်။
လာမယ့် သင်္ကြန်ပွဲတော်မှာ Non-CDM ဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်း တချို့ကို မဖြစ်မနေ ပါဝင်ကြဖို့ စစ်ကာင်စီက ဖိအားပေးထားပြီး မြို့ခံတွေ အနေနဲ့ကတော့ ပူးပေါင်းပါဝင်ကြမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။