ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ စစ်ကောင်စီက လာမယ့် ဇန်နာဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် လွတ်လပ်ရေးနေ့ အထိန်းအမှတ်အဖြစ် လူနေအိမ်တွေကို နိုင်ငံတော်အလံ လွှင့်ထူခိုင်းထားတယ်လို့ မြို့နေပြည်သူတွေက ပြောပါတယ်။
နှစ်သစ်ကူးမတိုင်ခင် ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေခင်းကတည်းက အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တစ်လုံးလမ်း စတဲ့ လမ်းမကြီးဘေးက အိမ်တွေနဲ့ ရပ်ကွက်တချို့က အိမ်တွေကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက လိုက်လံဆော်သြောခဲ့တာလို့ ဆိုပါတယ်။
အနောက်မြို့ပတ်လမ်းဘေးမှာ နေထိုင်သူ တစ်ဦးက “မဖြစ်မနေတော့ မဟုတ်ပါဘူး။ မထောင်လည်း ဘာမှတော့ မဖြစ်ဘူး။ သူတို့က ထောင်စေချင်တာပေါ့ အဲလိုပေါ့။ ဘယ်သူမှလည်း မထောင်ကြပါဘူး။ ဒီနှစ် လွတ်လပ်ရေးနေ့ အခန်းအနားက မအလ(မင်းအောင်လှိုင်) ကိုယ်တိုင် တက်မှာ ဆိုတော့ အုပ်ကြီးတွေက မျက်နှာ ရချင်တာပေါ့” လို့ ပြောပါတယ်။
လတ်တလော ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာပဲ အလံထောင်ထားကြပြီး တစ်မြို့လုံး နီးပါး စစ်တပ်ထောက်ခဲ့တဲ့ လူနေအိမ် ၁၀ လုံးခန့်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တောင်ကြီးမြို့ကို ဒီဇင်ဘာ ၁ ရက်နေ့ကတည်းက ရောက်ရှိနေပြီး လာမယ့် လွတ်လပ်ရေးနေ့ အခန်းအနားကို တက်ရောက်သွားမယ်လို့ Non-CDM ဝန်ထမ်းတွေက ပြောပါတယ်။
ကျောင်းကြီးစုရပ်ကွက်၊ ကျောက်တစ်လုံး လမ်းမကြီးဘေး၊ အဝေရာမီးပုံးပျံကွင်းမှာ ကျင်းပမယ့် လွတ်လပ်ရေးနေ့ အခန်းအနားအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး လုံခြုံရေးအတွက် ကွင်းပတ်ပတ်လည်က လူသွားလမ်းတွေကို ပိတ်ထားတာကြောင့် မြို့ခံတွေအတွက် သွားလာရေး အခက်အခဲတွေ ဖြစ်နေတယ်လို့ စုံစမ်းသိရပါတယ်။