ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ စနိုးဝိုက်လမ်းထောင့်နဲ့ ခရစ်ယာန်နှစ်ခြင်း ကျမ်းစာသင်ကျောင်းရှေ့ကနေ ရေထွက်ဦး လမ်းမကြီး တစ်လျှောက်၊ အေးစေတီ လမ်းဆုံ အထိ ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အေးစေတီလမ်းဆုံမှာ စစ်ကောင်စီ လက်အောက်ခံ လမ်းဦးစီးဌာနက မီးရထားလမ်း ဖောက်လုပ်နေတာကြောင့် ဒီနေ့ ဇွန်လ ၅ ရက်၊ မနက် ၇ နာရီကစပြီး ၁၁ နာရီအထိ ယာဉ်ကြော ပိတ်ဆို့နေတာလို့ ဆိုပါတယ်။
“ဘုရားဖြူကနေ မြို့ထဲဆင်းဖို့ အေးစေတီမှာ စောင့်တာထက် မြစိမ်းတောင်ပေါ်က ပတ်သွားတာ ပိုမြန်တယ်” လို့ အေးစေတီလမ်းဆုံ အနီး နေထိုင်သူ တစ်ဦးက ပြောပါတယ်။
အခုလို ယာဉ်ကြောပိတ်ဆို့တာဟာ အေးစေတီအပေါ်လမ်းကို မီးရထားလမ်း ဖောက်လုပ်နေတဲ့ အကြောင်းပြချက်နဲ့ ပိတ်ထားပြီး အေးစေတီအောက်လမ်း (ရေထွက်ဦးလမ်း) ကနေ ယာဉ်တစ်စီးစီသာ သွားလာဖို့ ခွင့်ပြုထားတာကြောင့် ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ပိတ်ဆို့နေတဲ့ ယာဉ်အစီးရေ စုစုပေါင်း ၅၀ ကျော် ရှိနေပြီး ယာဉ်ထိန်းရဲတွေနဲ့ အေးစေတီလမ်းဆုံ အနီး နေထိုင်သူတွေက လမ်းရှင်းပေးနေရတယ်လို့ ဆိုပါတယ်။
“ကျောင်းအကြို အပို့ ရှိတဲ့ မိဘတွေက ဒုက္ခရောက်တာပေါ့။ လမ်းပိတ်တာက ကိုယ်ပိုင်ကျောင်းတွေ ဘုရားဖြူဘက်မှာ ဖွင့်ကြတော့ ကျောင်းကားတွေနဲ့ တစ်လမ်းလုံး ပြည့်လာတယ်။ တစ်ကိုယ်ကောင်းသမား တွေကြောင့်လည်း ပါတယ်။ လမ်းပိတ်ရင် စောင့်သင့်ရင် စောင့်လိုက်။ လမ်းရှင်းမှ ကျော်တက်ပေါ့။ တစ်စီးက စကျော်လိုက်တာနဲ့ အနောက်က ယာဉ်တွေ တန်းစီပြီး ဒုက္ခရောက်ပြီ” လို့ ဖြတ်သန်းသွားလာခဲ့သူ တစ်ဦးက ပြောပါတယ်။
အခုလို ယာဉ်တွေ ပိတ်နေတာဟာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် ဖြစ်ပြီး လမ်းပိတ်ပါက လမ်းလွှဲနေရာပေးဖိုးနဲ့ အချိန်အကန့်အသတ်နဲ့ လမ်းပိတ်ဖို့ စီစဉ်သင့်တယ်လို့ သူက ဆက်ပြောပါတယ်။
မေလ ၁၅ ရက်နေ့ ညနေပိုင်းကလည်း အေးစေတီလမ်းဆုံ အနီးမှာ ရထားလမ်း ဖောက်လုပ်နေတာကြောင့် ရေထွက်ဦး လမ်းမကြီး တစ်လျှောက် ၃ နာရီကျော်ကြာ ယာဉ်အစီးရေ ရာနဲ့ချီပြီး ပိတ်မိခဲ့ဖူးပါတယ်။
အခုလို မကြာခဏ ယာဉ်ပိတ်ဆို့မှုကြောင့် မြို့နေပြည်သူတွေရဲ့ စီးပွားရေး အလုပ်အကိုင် နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေလို့ ပြည်နယ် စစ်ကောင်စီ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။