ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စစ်ဘေးရှောင်ဦးရေ မနေ့ နဲ့ ဒီနေ့ (ဇန်နာဝါရီ ၂၆ ၊ ၂၇) ၂ ရက်တာအတွင်း စစ်ဘေးရှောင်ဦးရေ သိသိသာသာ ထပ်တိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၅ ရက်လောက်တုန်းက ဆီဆိုင်မြို့ခံတွေကသာ စစ်ဘေးရှောင်ကြပေမယ့် နောက်ပိုင်းမှာတော့ ဆိုက်ခေါင်မြို့ခံတွေပါ ပါလာတဲ့အတွက် တောင်ကြီးမြို့မှာ လူဦးရေ ၃,၀၀၀ နီးပါး ရှိနေပြီလို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ဆိုက်ခေါင်မြို့ခံ တစ်ဦးက “ဆိုက်ခေါင်မှာတော့ တိုက်ပွဲ မဖြစ်သေးဘူး။ ဒါပေမယ့် လေယာဉ်က ဝဲနေတော့ ကြောက်လို့ ရှောင်လာကြတာ။ လက်နက်ကြီးသံတွေလည်း ကြားတော့ လန့်ပြီး အိပ်လို့မရဘူး။ လက်နက်ကြီးကျတာတွေတော့ မရှိသေးပါဘူး”
ဆိုက်ခေါင်မြို့တွင်းမှာ စစ်ကောင်စီဘက်က တပ်စွဲတာ၊ စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေပြီး တိုက်ပွဲ မဖြစ်သေးပေမယ့် ပေါ်တာဆွဲခံရမှာကို စိုးရိမ်နေကြတာကြောင့် စစ်ဘေးရှောင်ကြတာလို့ ဆိုပါတယ်။
ဆိုက်ခေါင်နဲ့ ဆီဆိုင်မြို့က စစ်ဘေးရှောင်တွေဟာ တောင်ကြီးမြို့တွင်း ပအိုဝ်းဘုန်းကြီးကျောင်းတွေနဲ့ နီးစပ်ရာ ဆွေမျိုးအိမ်တွေမှာ စစ်ဘေးရှောင်နေကြပြီး တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“ရောက်တာတော့ ၂ ရက်လောက်ရှိပြီ။ အမျိုးဆိုပေမယ့် သူများအိမ်ဆိုတော့ နေရတာ အားနာတယ်။ ဘာမှ မဖြစ်ရင်တော့ သန်ဘက်ခါလောက် ပြန်မယ်။ မနေ့ကတော့ နည်းနည်းငြိမ်တယ် ကြားတယ်”
ဆိုက်ခေါင်မြို့ခံ အများစုက စစ်ဘေးရှောင်ကြပေမယ့် မြို့တွင်းမှာတော့ အိမ်စောင့်အဖြစ် ကျန်ရှိနေတဲ့ အမျိုးသား လူငယ်ပိုင်းတွေဟာ ၁၀ ရာခိုင်နှုန်းလောက် ရှိသေးတယ်လို့ စုံစမ်း သိရပါတယ်။