ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရောက်ရှိနေလို့ ဈေးဆိုင်တွေကို ပိတ်ခိုင်းထားရာ ဆိုင်ပိတ်ရက် ရှည်ကြာလွန်းတာကြောင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။
တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်၊ ရေထွက်ဦးလမ်းနဲ့ စနိုးဝိုက်လမ်းထောင့်က ပျံကျ ဈေးဆိုင်ခန်းတွေကို မေလ ၂၆ နေ့ကတည်းက စစ်ခေါင်းဆောင် လာမယ်ဆိုပြီး ပိတ်ခိုင်းထားခဲ့တာပါ။
ဈေးသည်နဲ့ နီးစပ်သူ တစ်ဦးက “အစက သူတို့ပြောတာ ၂ ရက်ပဲပေါ့။ နေရာပြန်ချပေးမယ်လို့ ပြောပြီး ဆိုင်စာရင်းတွေ ကောက်ထားတယ်။ ဒီနေ့အထိတော့ ပေးမဖွင့်သေးဘူး။ ဒီတိုင်းဆို စားဝတ်နေရေး ခက်ခဲနိုင်တယ်။ သူတို့က တစ်နေ့လုပ် တစ်နေ့စားတွေ” လို့ ပြောပါတယ်။
အဲဒီ ဆိုင်ခန်းတွေဟာ တရားမဝင် ပျံကျတွေ ဆိုပေမယ့် မြို့နယ်စည်ပင်သာယာရေးကို တစ်လ ၁၅,၀၀၀ ကျပ်နှုန်းနဲ့ ပေးဆောင်ပြီးမှ ရောင်းရတာလို့ ဆိုပါတယ်။
ဒါ့အပြင် အခုလို ပျံကျဆိုင်တွေကို ပိတ်ခိုင်းတာဟာ စစ်ခေါင်းဆောင်လာတဲ့ လမ်းတစ်လျှောက် လုံခြုံရေး အတွက် ဖြစ်နိုင်တယ်လို့ ရေအေးကွင်း ရပ်ကွက်နေ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“မအလ(မင်းအောင်လှိုင်)က တောင်ပေါ်ဟိုတယ်မှာ တည်းတာလေ။ အဲဒီကို သွားဖို့ ရေထွက်ဦးလမ်းနဲ့ မြစိမ်းတောင်တက်တဲ့ လမ်းက တက်ရတာ။ အဲဒီ လမ်းမှာ ဆိုင်ခန်းတွေက ရှိနေလို့ ပိတ်ခိုင်းတာ။ အခုလည်း နေ့နေ့ညည ရဲတွေက အေးစေတီနား တစ်ဝိုက်မှာ စောင့်နေတာ” လို့ သူကပြောပါတယ်။
လက်ရှိ ရေအေးကွင်းရပ်ကွက်က ဆိုင်ခန်းတွေဟာ ကွမ်းယာဆိုင်၊ ထမင်းဆိုင်၊ အသီးနှံဆိုင်၊ အသားဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင် စတာတွေ ပါဝင်ပြီး ဆိုင်ခန်းပေါင်း ၂၀ ကျော်ရှိတယ်လို့ သူက ဆက်ပြောပြပါတယ်။
မေလ ၂၉ ရက်နေ့က စစ်ခေါင်းဆောင် တောင်ကြီးမြို့ထဲ လည်ပတ်နေချိန် ဗိုလ်ချုပ်အောင်ဆန်း လမ်းမပေါ်မှာ ကားရပ်ခွင့် မပေးတဲ့ အပြင် VIP ကားတန်းတွေနဲ့ ဘေးချင်းယှဉ် မောင်းခွင့် မပေးဘူးလို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မေလ ၂၈ ရက်နေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိလာပြီး အဲဒီကနေ ဆေးတက္ကသိုလ်၊ ဟိုပုံးမြို့ စတဲ့ နေရာတွေကို လည်ပတ်ခဲ့တဲ့ အပြင် လက်ရှိ ဒီနေ့ မေလ ၃၁ ရက် ညမှာတော့ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ Novotel ဟိုတယ်မှာ တည်းခိုမယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူက ပြောပါတယ်။