ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်မှာ တစ်နှစ်စာအတွက် စစ်မှုထမ်းလူစားထိုးစရိတ် ကို ဧပြီလ ၂၈ ရက်နေ့အပြီး တစ်အိမ် သုံးသောင်းကျပ် ကောက်ယူခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
ရပ်ကွက်အနေနဲ့ စစ်မှုထမ်းပို့ဖို့အတွက် တစ်သုတ်ကို ၃ ဦး သတ်မှတ်ထားတာဖြစ်ပြီး ၁၀ ဦး ကြိုတင်မဲစာရင်း နှိုက်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူတစ်ဦးက “မဲပေါက်တဲ့ကလေးမလိုက်ချင်ရင် ပိုက်ဆံပေးရမယ်ဆိုပြီး ရုံးသွားခိုင်းတယ်၊ လောလောဆယ်တော့ နံပါတ် ၁ နဲ့ ၂ မပါပဲ နံပါတ် ၃ ကနေ စခေါ်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ပထမသုတ်အနေနဲ့ လူငယ် ၃ ဦးကို မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း တစ်ခုဆီကို ပို့ဆောင်လိုက်ပြီး ကျန်တဲ့အမှတ်စဉ်တွေကိုလည်း အလှည့်ကျခေါ်ယူသွားမယ်လို့ ဆိုပါတယ်။
နီးစပ်သူတစ်ဦးက “ကောင်လေးတွေကိုလည်း ခေါ်သွားပါပြီ၊ အုပ်ကြီးကိုယ်တိုင်လိုက်ပို့တာပါ၊ လောလောဆယ် တော့ ၃ ယောက် ကျိုင်းတောင်းဘက်ကိုပို့တယ် ကြားတယ်” လို့ ပြောပါတယ်။
အလားတူ ကန်သာရပ်ကွက်မှာလည်း စစ်မှုထမ်းလူစားထိုးဖို့အတွက် ပြီးခဲ့တဲ့တစ်ပတ်လောက်ကစပြီး တစ်အိမ် ကို ငွေကျပ် ၃၆,၅၀၀ ကျပ် ကောက်ယူနေတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။