ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ အဝေရာ မီးပုံးပျံကွင်းမှာ လာမယ့် နိုဝင်ဘာလ အတွင်း ကျင်းပမယ့် မီးပုံးပျံပွဲ အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကြည့်ရှူဖို့ ပွဲကြည့်စင် စတင် ဆောက်လုပ်နေပြီလို့ စုံစမ်း သိရှိရပါတယ်။
အဆိုပါ ပွဲကြည့်စင်ကို ဩဂုတ်လ ၂၄ ရက်နေ့က ခြံဝင်းခတ်က စတင်ဆောက်လုပ်နေတာ ဖြစ်ပြီး အဲဒီ ဧရိယာအတွင်း ဘယ်သူမှ ဖြတ်သန်းခွင့် မပေးဘူးလို့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
“သွပ်တွေနဲ့ ပတ်ပတ်လည် ကာထားတယ်။ တံခါးလည်း သော့ခတ်ထားတယ်။ ဘယ်သူမှ ဝင်လို့ မရဘူး။ အဓိက သူတို့ ကြောက်တာက ဗုံးလာထောင်မှာ ကြောက်ကြတာ။ CCTV တွေလည်း တပ်ထားတယ် ထင်တယ်။ မင်းအောင်လှိုင်တို့ မဲလုံး (ဗိုလ်ချုပ်ဇော်မင်းထွန်း) တို့ လာကြည့်ဖို့လို့ ပြောတယ်” သူကပြောပါတယ်။
မီးပုံးပျံကွင်း ဆုချီးမြှင့်တဲ့ အဆောက်အအုံ အနီးက ဇရပ် ၃ ခုကို ဖြိုဖျက်ပြီးတော့ အဆင့်မြင့် ပွဲကြည့်စင်အဖြစ် ဆောက်လုပ်နေတာလို့ သူက ဆက်ပြောပါတယ်။
COVID-19 နဲ့ စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၀ ခုနှစ်ကတည်းက ရပ်ဆိုင်းထားတဲ့ မီးပုံးပျံပွဲတော်ကို စစ်ကောင်စီက ဒီနှစ်ထဲမှာ ပြန်ကျင်းပမယ်လို့ ကြေညာထားပေမယ့် ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ ယမ်းနဲ့ဆက်စပ် ပစ္စည်းတွေ ဝယ်ယူဖို့ ခက်ခဲခြင်း စတာတွေကြောင့် မီးဆရာ အများစု ပါဝင်မှာ မဟုတ်ဘူးလို့ နီးစပ်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်ကနေ ၉ ရက်နေ့အထိ မီးပုံးပျံပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ပွဲလာရောက်သူ အနည်းငယ်သာရှိပြီး လူစည်ကားသယောင် ဝါဒဖြန့်ဖို့ စူဠာမုနိရင်ပြင်မှာ မီးပုံးပျံ လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။