ရှမ်းပြည်၊ တောင်ကြီးမြို့၊ နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ပတ်စ်ပိုစ့်ရုံး)မှာ ဧပြီလအတွင်း အရတ်ဝတ်ရဲတွေက ငွေကြေးအဆမတန် တောင်းခံပြီး ပတ်စ်ပိုစ့် ပြုလုပ်ပေးနေတယ်လို့ ရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့ တိုကင်မပေးတော့တဲ့ နောက်ပိုင်း လူတစ်ဦးကို ၆ သိန်းကျပ် ကောက်ခံပြီး ပတ်စ်ပိုစ့် ပြုလုပ်ပေးနေတာကြောင့် ငွေကြေးမပြေလည်သူတွေအတွက် နစ်နာဆုံးရှုံးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။
တိုကင်ယူတဲ့နေ့မှာ ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက “သူတောင်းတာက ၆ သိန်းဆိုတော့ ပွဲစားထက် များတယ်လေ။ တိုကင်ကို ၅ ပုံ တစ်ပုံလောက်ပဲ ချပေးပြီး ကျန်တဲ့နေရာတွေကို ပွဲစား၊ ရဲ၊ ဝန်ထမ်းတွေ ပေါင်းပြီး လုပ်စားနေကြတာ။ အဲကောင်ရဲဆိုတာ သေချာတယ်။ ဝန်ထမ်းတွေလည်း ပြောတယ်။ မျက်စိစွေစွေ ရုပ်ဆိုးဆိုးနဲ့” လို့ ပြောပါတယ်။
အရတ်ဝတ် ဝတ်ဆင်ထားပေမယ့် စကားပြောစက်၊ လက်ထိပ်နဲ့ သေနတ်တွေ ကိုင်ဆောင်ထားတာကြောင့် ရဲတပ်သား အဖြစ် အတည်ပြုနိုင်ပြီး သူရဲ့ အမည်ကတော့ အာကာ ဖြစ်တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူ တစ်ဦးက အတည်ပြုပါတယ်။
ပတ်စ်ပိုစ့် ပြုလုပ်ခဲ့သူ တစ်ဦးက “အဲဒီ အာကာဆိုတဲ့ တစ်ယောက်က ရုံးကလူတွေနဲ့ ပိုင်တယ်။ အမြန် လုပ်ပေးမယ် ၆ သိန်း ပေးဆိုပြီး အတင်းတောင်းတာ။ မပေးနိုင်ရင် မရဘူးတဲ့။ ကျနော်တို့လည်း စာအုပ် ထပ်တာပေါ့။ နောက်မှ လာထပ်တဲ့သူတွေက ရဲနဲ့ပေါင်းပြီးသား ဆိုတော့ သူတို့ စာအုပ် အရင်လုပ်ပေးတယ်” လို့ ပြောပါတယ်။
ပတ်စ်ပို့ရုံးမှာ ရဲတွေတင် မကဘဲ အဲဒီရုံးရဲ့ ဝန်ထမ်း၊ အကောက်ခွန် ဝန်ထမ်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းတွေကလည်း အချိုးကျ ဝေစုခွဲယူနေပြီး ပွဲစားတွေလိုမျိုး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပွဲစားတွေကလည်း ရုံးဝန်ထမ်းတွေကို ၃ ပုံ ၂ ပုံနှုန်းနဲ့ လာဘ်ပေးထားရပြီး တချို့ အခြေအနေတွေမှာ ဝန်ထမ်းတွေက ပိုလျှံမှသာ လုပ်ခွင့်ရတယ်လို့ ပွဲစားနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။