သံတောင်မြို့နယ် တောင်ငူ-လိပ်သိုလမ်းပိုင်းသို့လာသည့် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားအစည်း အရုံး(KNU)၊ PDF ပူးပေါင်းတပ်များက တစ်ရက်တည်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင် PDF တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(ဇူလိုင် ၂၄)နံနက် ၇ နာရီကျော်က သံတောင်မြို့နယ် တောင်ငူ-လိပ်သိုလမ်းအတိုင်းလာသော အင်အား(၇၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကိုKNUတပ်မဟာ(၂)၊တပ်ခွဲ(၁)၊ သံတောင်မြောက်ပိုင်း Fighter ဆားခဲအဖွဲ့နှင့် ရေတာရှည်အခြေစိုက် တပ်ခွဲ (၃)တို့မှ ရှေ့ထွက်မိုင်းအပါအဝင် လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် သံတောင်နယ် အိမ်စုကျေးရွာအနီးညောင်ကုလားထိုင်ကွေ့၌ တစ်ကြိမ်၊ နံနက်၇ နာရီ ၁၅ မိနစ်တွင် ရင်ခွဲတောင်မုတ်ဦးကွေ့၌ တစ်ကြိမ်ဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တောင်ငူခရိုင်တပ်ရင်း(၃၅၀၁)၊ တပ်ခွဲ(၃)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“(ထိခိုက်သေဆုံး)ရှိနိုင်ပါတယ်။စုံစမ်းနေတုန်းမို့ အတိအကျ မသိရသေးပါဘူး”ဟု တိုက်ခိုက်မှုအခြေ အနေနှင့်စပ်လျဥ်းပြီး ၎င်းက ဆက်ပြော သည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှအနီးဝန်ကျင်ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျှက်ရှိရာ ပြည်သူထိခိုက်မှုရှိ၊ မရှိနှင့် နေအိမ်ပျက်စီးမှုရှိ၊မရှိဆိုသည်ကိုမသိရသေးပေ။
အထက်ပါ စစ်ဆင်ရေးတွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ အထိအခိုင်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက အသိပေးထားသည်။
ဇူလိုင် ၄ ရက်ကလည်း တောင်ငူ-သံတောင်လမ်း၌ စစ်ကောင်စီလက်အောက်ခံ ငြိမ်းချမ်းရေးအဖွဲ့ဝင်ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနှင့် တပ်သားတစ်ဦးကို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။