ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တောင်စွန်းစစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာတွင် စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းကို အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့ကြောင်း နဂါးနီစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်သည်။
တောင်စွန်းစခန်းကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)၊ Lion Battalion Commando စစ်ကြောင်း၊ Federal Wings နှင့် Cloud Wings ဒရုန်းတပ်ဖွဲ့များ ပူးပေါင်းပြီး ဧပြီ ၁၇ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ မေလ ၃ရက်တွင် သိမ်းယူနိုင်ခဲ့သည်။
တောင်စွန်းစခန်း နှင့် အနန်းကွင်းဗျူဟာစခန်းသို့ စစ်၊ကူ တက်လာသော ခမရ(၄၀၃)စစ်ကြောင်းကိုလည်း နဂါးနီစစ်ကြောင်းနှင့် KNLA တပ်ရင်း(၁၆) တို့မှ အကြိမ်ကြိမ်လိုက်လံပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဧပြီ ၂၈ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု အသိပေးသည်။
စစ်ကောင်စီဘက်မှ Jet Fighterဖြင့် ၆ကြိမ်၊ MI 35 ဖြင့် ၂ကြိမ်၊ ဝဲကလီအမြောက်တပ်မှ ၁၅၅ မမ ဟောင်ဝစ်ဇာဖြင့် ပစ်ကူများ၊ အနန်းကွင်းဗျူဟာစခန်းမှ ၈၁ မမ ပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်၊ ပွဲဖြစ်ပွားရာနေရာတွင် မီးလောင်ပြင် အတိဖြစ်သွားခဲ့သည်ဟု ဖော်ပြသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၆ဦးသေ၊ ၈ဦးဒဏ်ရာရသည်ကို စစ်မြေပြင်သတင်း အရ အတည်ပြုနိုင်ခဲ့ပြီး MA 4 တလက် နှင့် ခဲ၊ ယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း နဂါးနီ စစ်ကြောင်းက ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း နဂါးနီစစ်ကြောင်းမှ ရဲဘော် လေးဦး ဒဏ်ရာရခဲ့သည်ဟုလည်း အသိပေးထားသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ တောင်စွန်းစခန်းကို ခက်ခဲစွာတိုက်ခိုက်ခဲ့ရပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော်များထိခိုက်ကျဆုံးရှိခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှလည်း ၂၆ဦးသေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အလက် ၄၀ကျော်သိမ်းပိုက်ရရှိခဲ့ကြောင်း SOF က အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ရင်းမှူးအပါအဝင်၁၃ဦးသည် ထွက်ပြေးသွားသည်ဟုလည်း ဖော်ပြသည်။
အဆိုပါ တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ဒေသတွင်း နယ်မြေ စိုးမိုးရေးအတွက်များစွာ အကျိုးသက်ရောက်မှု ရှိခဲ့သည်ဟု SOF တပ်မှူး ကိုအောင်စံရှားက ပြောကြားထားသည်။