တောင်တန်း-မြေပြန့် မခွဲခြားဘဲ လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံး ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးမှာ မဟာဗျူဟာမြောက် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်မှုများနဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို အောင်မြင်တဲ့အထိ လက်တွဲ ဆောင်ရွက်မယ်လို့ ပအိုဝ်း အမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC က ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ PNFC က အဲ့ဒီလို ပြောဆိုထားတာ ဖြစ်ပါတယ်။
မတရားတဲ့ စနစ်ဆိုးကို ဖျက်သိမ်းရာမှာ ပအိုဝ်းများ အင်အားစုတရပ် အနေနဲ့ ပါဝင်မယ်ဆိုတဲ့ ပအိုဝ်းအမျိုးသားမူနဲ့ အညီ ပအိုဝ်း တော်လှန်ရေး မျိုးဆက်သစ်များက PNFC အပါအဝင် ပအိုဝ်း တော်လှန်ရေး အင်အားစုများ ဖွဲ့စည်း ဆင်နွှဲသလို မွန်တော်လှန်ရေး မျိုးဆက်သစ်များက MSFC အပါအဝင် မွန်တော်လှန်ရေး အင်အားစုများကို ဖွဲ့စည်း ဆင်နွှဲနေတယ်လို့ PNFC ကပြောပါတယ်။
ဒါ့အပြင် တန်းတူ၊ လွတ်လပ်မှု၊ စည်းလုံးညီညွတ်မှု၊ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ အပြန်အလှန် လေးစားမှုရှိတဲ့ ညီမျှ မျှတတဲ့ ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဟာ အဓိက လိုအပ်ချက် ဖြစ်တယ်လို့ PNFC က ပြောပါတယ်။
မွန်၊ ကရင် နဲ့ ပအိုဝ်းတွေဟာ အမျိုးသား လွတ်မြောက်မှု တော်လှန်ရေးကို အစောဆုံး ဆင်နွှဲကြသူများဖြစ်ပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့သူများဖြစ်ကာ လက်ရှိ PNFC နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ-PNFC တို့ဟာ ပြည်နယ်၊ လူမျိုး ကိုယ်စားပြု ကောင်စီများအစုအဖွဲ့မှနေပြီး အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ- NUCC မှာ ပါဝင်ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။
မွန်နဲ့ပအိုဝ်းအပါအဝင် တော်လှန်ရေးကို စတင်ဆင်နွဲခဲ့ကြတဲ့ နှစ် ၇၀ ကျော်က အဖိုးအဖွားတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ဒီကနေ့ မျိုးဆက်သစ်များရဲ့ စိတ်အားထက်သန်မှုက တစ်ထပ်တည်းကျလျက်ရှိတာကြောင့် တော်လှန်ရေးအောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PNFC ကပြောပါတယ်။