မကွေးတိုင်းတောင်တွင်းကြီးမြို့နယ်နှင့် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်တပ်နှင့်ပူးပေါင်းကာ လောင်းကစား၀ိုင်းများ တရားဝင် ဖွင့်လှစ်ထားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
မကွေးတိုင်းတောင်၊ တောင်တွင်းကြီးမြို့နယ်၊အိုးပေါက်ကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးဦးခင်မောင်လတ်သည် ကျေးရွာနေပြည်သူများထံမှ လှည်းနွားရှိအိမ်ထောင်တစ်စုလျင် တစ်သောင်း ကျပ်၊ လက်လုပ်လက်စားများထံမှ ငါးထောင် ကျပ်ကို အကြောင်းပြချက်တစ်စုံတစ်ရာ မပေးဘဲ လစဥ်ကောက်ခံလျက်ရှိကြောင်း၊ ထို့ပြင် ကျွန်းသစ်နှင့်အခြားသစ်များကိုလည်း တရားမဝင် ခုတ်ယူ၍ သစ်စက်များစွာထောင်၍ စစ်ကောင်စီလက် အောက်ခံများနှင့်အတူလုပ်ကိုင်နေလျက်ရှိကြောင်း၊ ကျေးရွာတွင်လည်း လောင်းကစားဝိုင်းများကို အကြီးအကျယ်ဖွင့်လှစ်ကာ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။
“အိုးပေါက်ကျေးရွာအုပ်စုမှာ တရားမဝင်တာမှန်သမျှ ကို အုပ်ကြီးခင်မောင်လတ်က လုပ်တယ်။ လူတွေဆီက ဘာမှန်းမသိရဘဲ လစဉ် အလှူငွေကောက်တယ်။ တရားမဝင်သစ်ခုတ်တယ်။ ကျေးရွာမှာ လောင်းစား၀ိုင်းတွေ ထောင်တယ်။ အဲဒါတွေလုပ်နိုင်ဖို့ သူက စစ်တပ်ကို လစဉ် ဆက်ကြေးပေးတယ်။ အုပ်ကြီးကြောက်ရတဲ့ခေတ် ဆိုတော့ ရွာသူရွာသားတွေလည်း မနေချင်ရင် ထွက်ပြေးရုံမှ တစ်ပါး ဘာမှ မလုပ်နိုင်ကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
အလားတူ မန္တလေးတိုင်း၊ အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာတွင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး လူမိုက်များ ပူးပေါင်း၍ လောင်းကစားဝိုင်းကို အကြီးအကျယ် ပြုလုပ်နေကြောင်း၊ ရဲနှင့်စစ်တပ်ထံသို့ လိုင်းကြေးနှင့် ဆက်ကြေးများ ပေး၍ တရားဝင်ဖွင့်လှစ်ကြသဖြင့် ရဲနှင့်စစ်တပ်က လျစ်လျူထားကြောင်း သိရှိရသည်။
“ရဲနဲ့စစ်တပ်ကလည်း စားနေရတော့ ဘာမှမပြောပဲ ငြိမ်နေကြပါတယ်။ ကြက်ဝိုင်း ၄ဝိုင်းနဲ့ ဂျင်ဝိုင်း ၁ဝိုင်းပါ။ရွာကလည်း ပျူစောထီးတို့ လူမိုက်တွေနဲ့မို့ မပြောရဲကြလို့ပါ” ဟု တမုတ်ဆိုးကျေးရွာဒေသပြည်သူက ရှင်းပြသည်။
အကြမ်းဖက်စစ်ကောင်စီက ကျေးရွာများတွင် လောင်းကစား၀ိုင်းများကို တရားဝင်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများအတွက် လုပ်ပိုင်ခွင့်များ ဖန်တီးပေးနေကြောင်း၊ အဓိကအားဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းကြမည့် စစ်သားများ စုဆောင်း ပေးလျှင် မည်သည့် အရေးယူမှ မရှိဘဲ တရားမဝင် လုပ်ငန်းမှန်သမျှ လုပ်ကိုင်ခွင့်ပေးနေသည့် သဘောရှိနေကြောင်း ဒေသပြည်သူများက သုံးသပ်ပြောဆိုကြသည်။