ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၆) ရပ်ကွက်နဲ့ (၇၀) ရပ်ကွက်မှာရှိတဲ့ နေအိမ် ၁၃၀ ကျော် တစ်လ အတွင်း ဖယ်ရှား ဖျက်သိမ်းဖို့ စစ်တပ်က အမိန့်ထုတ်ထားတယ်လို့ ဒေသခံ ပြည်သူတွေက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
ဇွန်လ ၂၃ ရက်နေ့၊ မွန်းလွဲပိုင်းက (၅၆) ရပ်ကွက်၊ ချမ်းမြသာစည်လမ်းနဲ့ (၇၀) ရပ်ကွက် အနော်ရထာလမ်းကြားရှိ နေအိမ် ၁၃၀ ကျော် တစ်လ အတွင်း ဖယ်ရှားရမယ် ဆိုတဲ့ အကြောင်းကြားစာတွေ စစ်တပ်က လာပို့သွားတယ်လို့ ရပ်ကွက်နေ ပြည်သူ တစ်ဦးက ပြောပါတယ်။
ဒီအကြောင်းကြားစာမှာ စည်ပင်သာယာရေး ကော်မတီပိုင် မြေမှာ ကျူးကျော် ဆောက်လုပ် နေထိုင်လို့ ဇူလိုင်လ ၂၂ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ ဖော်ပြထားတယ်လို့ သူကပြောပါတယ်။
“ဒီမြေတွေက လယ်ယာမြေတွေပါ။ စည်ပင်သာယာရေး ကော်မတီပိုင်မြေ မဟုတ်ပါဘူး။ မိုးတွင်းကြီး ပြောင်းဖို့ ကလည်း ဘယ်လိုမှ အဆင်မပြေကြဘူး။ ရပ်ကွက်ထဲမှာ နေတဲ့သူတွေ အကုန်လုံးကလည်း လက်လုပ်လက်စား သမားတွေ များတယ်။ စစ်တပ်၊ ရဲ၊ စည်ပင်နဲ့ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ အကုန်ပါတယ်။ ဘယ်နေရာ ပြောင်းရမလဲ ဆိုတာလည်း မသိသေးပါဘူး” လို့ ရပ်ကွက်အတွင်း နေထိုင်သူ တစ်ဦးက ပြောပါတယ်။
အဆိုပါ မြေနေရာပေါ်မှာ နေထိုင်သူ အများစုဟာ NLD အစိုးရ လက်ထက် ထုတ်ပေးထားတဲ့ ကျူးကျော် Smart Card ကိုင်ဆောင်ထားတဲ့ အခြေခံ လူတန်းစားတွေဖြစ်ပြီး လက်ရှိ နေအိမ် ၁၃၀ ကျော်နဲ့ လူဦးရေ ၇၀၀ ကျော် နေထိုင်နေကာ အိမ်ထောင်စုစာရင်း လုပ်ထားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။