အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသရဲ့ အထူးစစ်ဆင်ရေး သင်တန်း အပတ်စဥ်(၅)သင်တန်းဆင်းပွဲကို KNU တပ်မဟာ (၆) နယ်မြေမှာ အောင်မြင်စွာပြုလုပ်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ (SOF) က ထုတ်ပြန်ပါတယ်။
အထူးစစ်ဆင်ရေးသင်တန်းအပတ်စဥ် (၅)ကို အခြေခံ စစ်ပညာသင်တန်း ၁ လခွဲ၊ အထူးစစ်ဆင်ရေးသင်တန်း ၂ လ၊ အထူးမွမ်းမံသင်တန်းအဖြစ် အဖွဲ့ခွဲပြီး၊ စနိုက်ပါသင်တန်း၊ ဆေးသင်တန်း၊ လက်နက်ကြီး၊ ဒရုန်းသင်တန်းတွေကို ၂၀၂၃ခုနှစ် မေ ၁၅ ရက်နေ့ကနေ စက်တင်ဘာ ၃၀ ရက် အထိ ၄ လခွဲကြာ သင်ကြားပေးခဲ့တာပါ။
အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲကို စစ်ရေးပြအခမ်းအနားနဲ့ ပြုလုပ်ခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲ့ အလံတော်ကို အလေးပြုတာ ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊ တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူး (၂) ရဲဘော် စောရှားက အမှာစကား ပြောကြားတာ ၊ SOF အထူးတပ်ဖွဲ့ရဲ့ တပ်ဖွဲ့မှူး အောင်စံရှားက သင်တန်းဆင်း မိန့်ခွန်း ပြော ကြားတာနဲ့ သစ္စာရည်သောက်တာ တို့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
သင်တန်းနည်းပြများအဖြစ် KNLA မှ သင်တန်းဆရာများ၊ US မရိမ်းတပ်ဖွဲ့ဝင်ဟောင်း မြန်မာနိုင်ငံသားနည်းပြဆရာများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ သင်တန်းနည်းပြများမှ သင်တန်းပို့ချ ပေးခဲ့ကာ၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တော်လှန် ရေးတပ်ဖွဲ့အသီးသီးတို့မှ အထူးရွေးချယ်စေလွှတ်ထားတဲ့ အထူး တပ်ဖွဲ့ဝင် သင်တန်းသားများ တက်ရောက်ခဲ့ပါတယ်။
Special Operation Force _SOF အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၉၉၉၉/ အထူးတပ်ဖွဲ့) အောက်မှာစစ်ကြောင်း (၂)အဖြစ်ထပ်မံဖွဲ့စည်း ခဲ့ကာ ၊ အခြားသင်တန်းဆင်းရဲဘော်များမှာ ယင်းတို့ မိခင်တပ်ရင်း /တပ်ဖွဲ့ များမှာ ပြန်လည်ဝင်ရောက် တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။
အပတ်စဥ်(၅)သင်တန်းဆင်းရဲဘော်များနဲ့ဖွဲ့စည်းထားတဲ့ SOF စစ်ကြောင်း (၂) ဟာ သင်တန်းဆင်းပြီးပြီးချင်း၊ ကျိုက်မရောမြို့နယ် ၊ခလယ်တံခွန်တိုက်ပွဲ၊ချောင်းနှစ်ခွတိုက်ပွဲ၊ ကြာအင်းဆိတ်ကြီး တိုက်ပွဲ၊တောင်ကြာအင်းတိုက်ပွဲ၊ ကော့ကရိတ်မြို့တွင်းတိုက်ပွဲ၊ ထားဝယ်မြို့နယ် ကျောက်ထုစခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ကြပြီး၊ အောင်ပွဲများစွားရယူနိုင်ခဲ့ကြပြီဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။