ရေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ – NUGရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွက်တို့ အခုလ ၁၁ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပါတယ်။
ဒုဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ တပ်ဖွဲ့တွေက မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း – ၁၊ ရေးပြောက်ကျားတပ် YGF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YDF၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့ MSROနဲ့ Ye Air Force YAF စတဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ ဖြစ်ပါတယ်။
အဆိုပါ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဟာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်မှန်သမျှကို အမြစ်ပြတ်သည်အထိ အတူတကွ တိုက်ပွဲဝင်သွားဖို့ပြီးခဲ့တဲ့လကမှ ကတိပြု သစ္စာရေ သောက်ခဲ့ကြပါတယ်။
“စစ်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ အဓိက ဆွေးနွေးဖြစ်တယ်။ တော်လှန်ရေးတပ်တွေနဲ့ ရဲဘော်တွေရဲ့ လိုအပ်ချက်၊ အခက်အခဲတွေကို သူက နားထောင်တယ်။ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဘာလုပ်ပေးလို့ရမလဲ၊ ကျနော်တို့ဘက်ကရော ဟန်ချက်ညီညီ ဘယ်လိုတိုက်ပွဲတွေ ဖော်ဆောင်သွားကြမလဲ စတာတွေ ဆွေးနွေးကြတယ်” လို့ မွန်ပြည်တော်လှန်ရေးတပ် MSRFက ရဲဘော် တလနိုင်က ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခုလို ရေးတောင်ပိုင်းဒေသကို ရောက်လာတာဟာ တော်လှန်ရေးရဲဘော်တွေ ရှေ့လျှောက် စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့၊ ပြင်ဆင်နိုင်ဖို့အတွက် အများကြီးအထောက်အကူပြုတယ်လို့ လည်း ရဲဘော် တလနိုင်က သုံးသပ်ပါတယ်။
တွေ့ဆုံမှုကို ရေးတောင်ပိုင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒုဝန်ကြီးနဲ့အတူ တောင်ပိုင်းတိုင်းစစ်ဒေသက တာဝန်ရှိသူတွေလည်း လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။
သုံးနှစ်နီးပါး ကာလအတွင်း အောင်မြင်မှု၊ ဆုံးရှုံးမှုများစွာ တွေ့ကြုံခဲ့ရတဲ့ ရဲဘော်တွေကို ဒုဝန်ကြီးက အားပေးစကား ပြောခဲ့သလို မဟာမိတ်တပ်ဖွဲ့တွေဘက်က လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့အတွက် လုပ်ဆောင်ပေးသွားမယ်လို့လည်း ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ထုတ်ပြန်ချက်မှာတော့ စစ်ရေးအရှိန်မြှင့်ကာ ဖော်ဆောင်သွားမယ်လို့ ပြောဆိုထားပြီး ပြည်သူတွေအနေနဲ့ စစ်ဘေးစစ်ဒဏ် ဖြစ်နိုင်ချေ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်စနစ်ဆိုးကနေ ရုန်ထွက်နိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ MSRF မှ ရဲဘော် တလနိုင်က တိုက်တွန်းတောင်းဆိုထားပါတယ်။