မတ္တရာမြို့နယ်က၊ တောင်ပြုန်း နတ်ပွဲမှာ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ စစ်ကောင်စီတပ်တွေရဲ့ အနီးဝန်းကျင်မှာ ခါးပိုက်နှိုက် လုယက်ခံရမှုပေါင်း ရာနဲ့ချီပြီး ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပြုန်းနတ်ပွဲကို ဩဂုတ်လ ၂၄ ရက်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပွဲတော်မှာ စစ်ကောင်စီတပ်ဖွဲ့ တွေအပြင် လက်နက်ကိုင်ထားတဲ့ အရပ်ဝတ်တွေ ရာနဲ့ချီ လုံခြုံရေး ယူထားတဲ့ကြားက အခုလို လုယက်မှုတွေ ဖြစ်ပါတယ်။
“အရင်ရက်တွေကလည်း ဖြစ်တယ်။ ဒီနေ့က လူအများဆုံးနေ့ဖြစ်တော့ ပိုဆိုးတယ်။ ဒီမနက်ပိုင်းတင် တော်တော်များများ ခံလိုက်ရတယ်ဗျ။ လုသွားတဲ့သူကို တွေ့ပေမဲ့ ဖမ်းပေးမယ့်သူ မရှိဘူး” လို့ ပွဲတော်မှာ ဈေးရောင်းချနေသူ တစ်ဦးက ပြောပါတယ်။
ပွဲတော်ရဲ့ လူစည်ကားမှု အများဆုံးဖြစ်တဲ့ ချိုးရေတော်သုံးပွဲကို ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ရာမှာ လာရောက်သူ သောင်းနဲ့ချီပြီးရှိသလို မနက်ခင်းမှာတင် လုယက်ခံရမှုပေါင်း ၅၀ ဝန်းကျင်အထိ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Covid-19 ရောဂါဖြစ်ပွားမှုနဲ့ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် ၃ နှစ်ကြာ လူစည်ကားမှု မရှိခဲ့တဲ တောင်ပြုန်းပွဲတော်ဟာ အခုနှစ်မှာ ပြန်လည် စည်ကားလာတာ ဖြစ်တာပါ။
တောင်ပြုန်းနတ်ပွဲကို နှစ်စဥ် ဝါခေါင်လဆန်း ၈ ရက်နေ့က ဝါခေါင်လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး တစ်နိုင်ငံလုံးက လူထောင်ပေါင်းများစွာ လာရောက်လေ့ရှိတဲ့ ပွဲတော် ဖြစ်ပါတယ်။