မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင် ကန်တော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် နေအိမ်တိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် အပါအဝင် နှစ်ဦးသေဆုံးကာ သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းခံရကြောင်း သတင်းရရှိသည်။
မေလ ၂၉ ရက် ညနေ ၆နာရီခွဲခန့်က တောင်သာမြို့နယ်၊ တောင်ကန်တော်ရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ဆန်း၏ နေအိမ်အား ဝင်ရောက်တိုက်ခိုက်ရာ ၎င်းပျူခေါင်းဆောင် အပါအဝင် နှစ်ဦးသေဆုံးပြီး ကာဘိုင်သေနတ်တစ်လက်၊ ကျည် ၆၇ တောင့်နှင့် ဖုန်းတစ်လုံး တို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း တောင်သာမြို့နယ်ပကဖအဖွဲ့ (Scorpions PDF)တာဝန်ရှိသူက ပြောသည်။
“ပျုခေါင်းဆောင် အောင်ဆန်းအပါအဝင် နှစ်ယောက်သေတာ။ ပျူခေါင်းဆောင်က ဘယ်သွားသွား လက်နက်ကိုင်ပြီး ပြည်သူအနိုင်ကျင့်တယ်။ သူတိုင်လို့ ထောင်ကျတဲ့သူတွေရှိတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
အဆိုပါစစ်ဆင်ရေးအား တောင်သာမြို့နယ် ပကဖ၊ The Value Of Young Men (မြင်းခြံခရိုင်တပ်ရင်းအမှတ်-၈)၊ နေပြည်တော် PDFတပ်ရင်း(၈၀၁)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တောင်သာမြို့နယ်ပကဖအဖွဲ့သည် ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း ဘုရားလှရွာရှိ ပျူစောထီးခေါင်းဆောင်နေအိမ်အား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ပျူများ ထိခိုက်သေဆုံးမှုရှိခဲ့သည်။