မန္တလေးတိုင်း ၊မြင်းခြံခရိုင်ထဲက တောင်သာမြို့နယ်နဲ့ ဆက်သွယ်ထားတဲ့ မြို့နယ်ချင်းဆက်လမ်းတွေကို ညပိုင်း အသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF တပ်ရင်း (၃) က သတိပေးချက်ထုတ်ပြန်ပါတယ်။
တောင်သာမြို့နဲ့ဆက်သွယ်ထားတဲ့ တောင်သာ − မိတ္တီလာ ၊ တောင်သာ − ကျောက်ပန်းတောင်း ၊ တောင်သာ − နွားထိုးကြီး ၊ တောင်သာ − မြင်းခြံ ၊ တောင်သာ − ငါ့သရောက်လမ်းပိုင်းတွေကို ဒီဇင်ဘာလ ၁၄ ရက်ကစတင်ပြီး ညပိုင်းအသုံးမပြုဖို့ သတိပေးတာလို့သိရပါတယ်။
အဲဒီလမ်းပိုင်းတွေကို ည ၈နာရီကနေ မနက် ၅နာရီအတွင်းအသုံးမပြုကြဖို့ မြင်းခြံခရိုင် PDF တပ်ရင်း (၃)က တားမြစ်ပါတယ်။
မဖြစ်မနေ သွားလာရမယ်ဆိုရင် ကားမှန်ချပြီး အတွင်းမီးဖွင့်ထားပေးကြဖို့ မြင်းခြံခရိုင် PDF တပ်ရင်း (၃)က ဆိုပါတယ်။
အခုလိုမြို့နယ်ချင်းဆက်လမ်းပိုင်းတွေကို ညပိုင်းအသုံးမပြုဖို့ တားမြစ်ရတာဟာ စစ်ကောင်စီတပ်ဖွဲ့က အိမ်စီးကားတွေသုံးပြီး စစ်ရေးလှုပ်ရှားနေတာကြောင့်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ တောင်သာမြို့အရှေ့ခြမ်း ဝဲလောင်ဆည်၊ ဇရပ်ကြီးရွာအနီးတစ်ဝိုက်ကျေးရွာတွေ ဆီ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်မှုတွေရှိနေပြီး ဒေသကာကွယ်ရေးတပ်တွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။