မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ မီးရထားဘူတာတွင် အရက်စုသောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇန်နဝါရီ ၉ ရက် ည ၇ နာရီခွဲခန့်က တောင်သာမြို့ မီးရထားဘူတာ၌ ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း တောင်သာ(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။
“တောင်သာအထကထဲက စခတွေ မြို့ထဲပတ်ကင်းထွက်ပြီး ဘူတာမှာ၀င်ပြီး ထိုင်နေနေ ကျနေရာကို ကြိုမိုင်းထောင်းပြီး ဖောက်ခွဲတာ။ ဒုရဲအုပ်အပါ၀င်အထိအခိုက်များတယ်။ သတင်းရတယ်။ သေဆုံးကိုတော့အတိကျမသ်ိသေးဘူး။”ဟု တောင်သာ(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။
၎င်းတို့သည် ဘူတာ၌ ညတိုင်းစုဝေးသောက်စားလေ့ရှိပြီး တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း တောင်သာဒေသခံအချို့က ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မြင်းခြံတပ်ရင်းအမှတ်(၃)နှင့် တောင်သာမြို့နယ်(ပကဖ)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဇန်နဝါရီ ၈ ရက်ကလည်း တောင်သာမြို့နယ်၊ နတ်စောင့်လျှပ်စစ်ခွဲရုံရှိ စစ်အုပ်စုကို တောင် သာ(ပကဖ) အပါအဝင် ဒေသတွင်း PDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။