ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်းလိုက်ကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။
လာမည့်မေလမှစတင်ပြီး အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် သိမ်းခိုင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်တွင် ပုဂ္ဂလိကပင်လုံဆေးရုံကိုလည်း CDM ဆရာဝန်များ လက်ခံမှုဖြင့် ယင်းကဲ့သို့ ပိတ်သိမ်းခိုင်းမှုရှိခဲ့ကြောင်း၊ ပုဂ္ဂလိက ဆေးရုံများ ပိတ်သိမ်းခံရချိန်တွင် စစ်တပ်ဆရာဝန်များက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် ပုံစံမျိုးစုံဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြောင်း သိရှိရသည်။
“စစ်ဆေးရာဝန်တွေေဖွင့်ထားတဲ့နေရာတွေမှာတော့ လုပ်ချင်တာလုပ်။ ထိုင်ချင်တဲ့သူထိုင်။ အေးဆေးပဲ။ အခြား ပုဂ္ဂလိကဆေး ရုံတွေကိုတော့ Surprise check လာရတာနဲ့ လိုင်စင်ကို အမျိုးမျိုးရစ်နေတာနဲ့ အလုပ်ကို ကောင်းကောင်း ပေးမလုပ်ဘူး။ ဒီကြား ထဲ ဆေးတွေကပြတ်၊ စျေးတွေတက်၊ ဆေးရုံလည်း ခဏပိတ်ရမယ်ဆိုတော့ လူနာတွေအတွက် အခက် အခဲဖြစ်နိုင်တယ်” ဟု အောင်ရတနာဆေးရုံနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက အောင်ရတနာဆေးရုံသို့ ဖုန်းခေါ်ဆိုသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုံ့ပြန်ဖြေဆိုခြင်းမရှိပေ။
“အခုဆေးရုံ တာဝန်ခံတွေမရှိသေးလို့ နောက်မှန်ပြန်ဆက်သွယ်ပေးပါ၊ ဘယ်အချိန်တာဝန်ခံတွေ ရောက်လာမလဲတော့ မသိပါဘူး” ဟု အောင်ရတနာဆေးရုံတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။