ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် မြို့မရဲစခန်းအား ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ (၂)က အသိပေးထုတ်ပြန်သည်။
ယမန်နေ့(စက်တင်ဘာ ၂၈) ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ မြို့မရဲစခန်းအား မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ (၂) တပ်ဖွဲ့ဝင်များက လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
“မနေ့က ညနေပိုင်း သစ္စာလမ်းဘက်မှာ ဗုံးပေါက်သွားတာ သိလိုက်တယ်။ သစ္စာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်က ရဲစခန်းနားမှာ ပေါက်တာပါ။ လူထိခိုက်မှုမရှိဘူးလို့တော့ ကြားပါတယ်” ဟု တောင်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သုမင်္ဂလာလမ်းအား ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူအချို့က ဆိုသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီဝင်များက ဖမ်းဆီးစစ်ဆေးမှုတွေများ ပြုလုပ်နေသော်လည်း သွေးမအေးကြောင်း ပြသသည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ ထောက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊တပ်ခွဲ(၂) က ဆိုသည်။