ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္ တာလမ်းရှိ စစ်ကောင်စီ၏ မြဝတီဘဏ် ကင်းစောင့်နေသော စစ်ကောင်စီတပ်သားများကို ပြင်းအားမြင့် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခဲ့ရာ အထိအခိုက်များနိုင်ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
“ဘန်ကာထဲကိုပစ်ထည့်တာ ။ နှစ်ကောင်သုံး ကောင်လောက် ငရဲပြည်ကြွနိုင်တယ်” ဟု ၎င်းကပြောသည်။
အဆိုပါ စစ်ဆင်ရေးကို မေလ ၂၉ ရက် ညနေ ၆နာရီ ၄၅ မိနစ်တွင် YAနှင့် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပေါက်ကွဲမှူဖြစ်ပြီးချိန်တွင် ဂန္ဓမာဟိုးဆေးလ် ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစစ်အဆေးများခဲ့သည်ဟု ဒေသတွင်းသတင်းများကိုဖော်ပြပေးနေသည့် ချန်နယ်များ၌ အသိပေးထားသည်။
“ပြည်သူအားမျိုးစုံဖိနှိပ်အနိုင်ကျင့်နေသောမင်းအောင်လှိုင်နှင့်ဆက်စပ်နေသောသူများအားလုံးနှင့်မတရားဥပဒေထုတ်ပြီး ပြည်သူအားစစ်မှုမထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို ကျွန်ုပ်တို့အနေဖြင့်ထိထိရောက်ရောက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်းထပ်မံအသိပေးလိုက်ပါသည်။”ဟု YAကသတိပေးထားသည်။
ထို့ပြင် အခြားပစ်မှတ်ကြီးများကိုလည်း မဟာမိတ်များနှင့်ပူးပေါင်း၍ တိုက်ခိုက်မှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်သက်ဆိုင်သည့်နေရာများကို ရှောင်ရှားရန် YA က သတိပေးထားသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့နယ်အများအပြားရှိ မြဝတီဘဏ်များတွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးအင်အားစုများကတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ မေလ ၂၁ရက်က မန္တလေးမြို့ ချမ်းမြသာစည်မြို့ရှိ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြစ်ပစ်ခတ်တိုက်ခိုက်မှုခံခဲ့ရသည်။