အာဏာသိမ်းစစ်ကောင်စီတပ်ကို စစ်ရေးအရ ဖိအားပေးမှုတွေ ထပ်တိုးပြီး ဖော်ဆောင်နိုင်ဖို့ ပြင်ဆင်နေကြရမယ့်အချိန်မှာ နောက်ပြန်ဆွဲပြီး တော်လှန်ရေးကို နှောင့်နှေးစေနိုင်မယ့် ကိစ္စရပ် တွေကို ထိထိရောက်ရောက်တားဆီးကြဖို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းကပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ် စဉ် ၅၂/၂၀၂၃ မှာ အခုလိုပြောခဲ့တာပါ။
“စစ်ရေးအရ ဖိအားပေးမှုတွေ ဆထက်တိုးပြီး ဖော်ဆောင် နိုင်ဖို့ ပြင်ဆင်နေကြရမယ့်အချိန်မှာ နောက်ပြန်ဆွဲပြီး တော်လှန်ရေးကို နှောင့်နှေးစေနိုင်မယ့် ကိစ္စရပ်တွေကို ထိထိရောက်ရောက် တားဆီးနိုင်ကြဖို့လိုမှာ ဖြစ်ပါတယ်”လို့ NUG အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ ပါတယ်။
၂၀၂၃ ခုနှစ်မှာ NUG အစိုးရအနေနဲ့ တိုင်းရင်းသား မဟာမိတ်တော်လှန်ရေး အင်အားစုတွေနဲ့ ပိုမိုပူးပေါင်းလာနိုင်ပြီး စစ်ရေးမျက်နှာစာမှာ သိသာမြင်သာတဲ့ ရလဒ်တစ်ခုကို ထွက်ပေါ်နိုင် အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် အားလုံးကို ဂုဏ်ပြုချီးကျူးတာတွေလည်းပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ရေးစာမျက်နှာ အားကောင်းအောင် တဘက်က ဖိဖိစီးစီးဆောင်ရွက်နေကြရသလို တဘက်ကလည်း စစ်ကောင်စီအတွက် ဝင်ငွေရလမ်းတွေ ဖြတ်တောက်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပြည်သူတွေကို လေကြောင်းနဲ့လက်နက်ကြီး အသုံးပြုပြီး တိုက်ခိုက်တာတွေ အားလျှော့သွား အောင်နည်းမျိုးစုံသုံးပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊တွဲဖက်အမြဲတမ်းအတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။