ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာ အနောက်ရပ်ကွက်က အမျိုးသမီးငယ် ၂ ဦးကို တော်လှန်ရေးအဖွဲ့ထံ ထောက်ပံ့တယ်လို့စွပ်စွဲပြီး စစ်ကောင်စီတပ်က မတရားဖမ်းဆီး ထောင်ဒဏ်ချမှတ်လိုက်တယ်လို့ ဖမ်းဆီးခံရတဲ့မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။
မတရားဖမ်းဆီးခံရသူများမှာ အသက် ၁၉ နှစ်အရွယ် မသန္တာကျော်နဲ့ အသက် ၂၂ နှစ်အရွယ် မမီးမီးစိုး တို့ ညီအစ်မဖြစ်ပြီး ဖမ်းဆီးခံရအပြီး ၅ လအကြာ မနေ့က ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထောင်ဒဏ်အသီးသီးအမိန့်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူက ပြောပါတယ်။
ညီအမ နှစ်ဦးထဲက အငယ်ဖြစ်သူ မသန္တာကျော်ကို ယခုနှစ် ဇူလိုင်လ ၂ ရက်နေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်က ဖမ်းဆီးခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်ကြီးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ ည နဲ့ ၅၂ ( ခ ) တို့နဲ့ ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုင်တယ်လို့ သိရပါတယ်။
အကြီးဖြစ်သူ မမီးမီးစိုးကို ညီမဖြစ်သူက တော်လှန်ရေးအဖွဲ့ကို ထောက်ပံ့တာကို သိလျက်နှင့်မတိုင်လို့ဆိုပြီး ဇူလိုင်လ ၃ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဒီဇင်ဘာ ၂၈ ရက်နေ့မှာ တောင်ကြီးခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ( ခ ) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တာပါ။
“ဖမ်းသာဖမ်းတာ ဘာသက်သေမှ မရှိဘဲအဖမ်းခံရတာပါ။ အငယ်မ အဖမ်းခံရပြီးနောက်ရက်မှာ အကြီးမက ညီမဆီ အဝတ်အစားသွားပို့တဲ့အချိန် ခဏခေါ်သွားမယ်ဆိုပြီး စစ်ကြောရေးကိုခေါ်သွားကြတာ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
မိခင်ဖြစ်သူ ဒေါ်တင်မိုးခိုင်ကိုလည်း စစ်ကောင်စီတပ်က ၁ လ ကြာဖမ်းဆီးထိန်းသိမ်းထားပြီးမှ ပြန်လည် လွတ်မြောက် လာတာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူဆီက သိရပါတယ်။
ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာမှာ နိုင်ငံရေးအမှုနဲ့ မတရားဖမ်းဆီးထောင်ဒဏ်ချခံရသူမှာ လက်ရှိအချိန်ထိ မသန္တာကျော်နဲ့ မမီးမီးစိုးတို့ ညီအစ်မ ၂ ဦးပဲ ရှိသေးတယ်လို့ အဲဒီ မိသားစုနဲ့ နီးစပ်သူဆီက ပြောပါတယ်။
ကောင်းဘို့ကျေးရွာမှာ လက်ရှိအတောတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကစည်းရုံးရေးဝင်တာရှိပြီး ပအိုဝ်းပြည်သူ့စစ် PNO က စကစအသွင်ယူပြီး အခွန်ကောက်တာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီကောင်းဘို့ ကျေးရွာမှာ စစ်ကောင်စီတပ်က တပ်စွဲတာတော့မရှိဘဲ မကြာခဏ ကင်းပတ်တာမျိုးပြုလုပ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။