တော်လှန်ရေးအရှိန်အမြင့်ဆုံး အချိန်ကာလသို့ ရောက်ရှိနေပြီး တော်လှန်ရေးအလှည့်အပြောင်းကို စတင်မြင်တွေ့လာရချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။
ယာယီသမ္မတ ယနေ့ (ဇန်နဝါရီ ၁၉ရက်) နေ့စွဲဖြင့် CDM နိုင်ငံ့ဝန်ထမ်းထုညီလာခံသို့ ပေးပို့သည့် သဝဏ်လွှာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“CDM နိုင်ငံ့ဝန်ထမ်းထုအပါအဝင် တော်လှန်ရေးတွင် ပါဝင်နေသူအားလုံး၏ ဆောင်ရွက်ချက်များသည် တော်လှန်ရေးအောင်မြင်မှုအတွက် ရှေ့ရှုရမည်ဖြစ်ပြီး အင်အားစုအားလုံး ညီညွတ်မှုနှင့် ဟန်ချက်ညီ မဟာဗျူမြောက် ဆောင်ရွက်ကြရန် အထူးလိုအပ်ပါသည်”ဟု ယာယီသမ္မတက ပြောသည်။
ယနေ့ ရောက်ရှိနေသည့်တော်လှန်ရေးနှင့် တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို မျှော်ရည်၍ သက်ဆိုင်သူအားလုံး စုစည်းဆွေးနွေးနိုင်ရန်ဆိုသည့် ညီလာခံ၏ ရည်ရွယ်ချက်ကို ကြိုဆိုကြောင်းလည်း အသိပေးသည်။
ယခုကျင်းပသော ညီလာခံမှ CDM နိုင်ငံ့ဝန်ထမ်းများအတွက် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်ပြီး အားလုံးစုစည်းညီညွတ်စွာ တော်လှန်ရေးခရီး အောင်မြင်သည်အထိ ရှေ့ဆက်နိုင်ပါစေဟုလည်း ယာယီသမ္မတက ဆုတောင်းသည်။
နွေဦးတော်လှန်ရေးနှင့်အတူ အရှိန်အဟုန်ပြင်းပြင်းဖြင့် စတင်ခဲ့သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement)တွင် CDM နိုင်ငံ့ဝန်ထမ်းထုသည် အရေးကြီးသော ထောက်တိုင်ကြီးတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ယနေ့တော်လှန်ရေးတွင်လည်း အရေးပါသော အခန်းကဏ္ဍတွင် တည်ရှိနေသည်မှာ အထင်အရှားပင်ဖြစ်ကြောင်းလည်း ပြောကြားသည်။
CDM နိုင်ငံ့ဝန်ထမ်းများ၏ အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ဒီမိုကရေစီအရေးနှင့် နိုင်ငံသားများ၏ လွတ်လပ်ခွင့်အတွက် စွန့်လွှတ်အနစ်နာခံ ပေးဆပ်မှုများသည် မြန်မာ့တော်လှန်ရေးသမိုင်းတွင် မှတ်ကျောက်တင်နေပြီဖြစ်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားကာ တော်လှန်ရေးအလွန် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရာတွင်လည်း CDM နိုင်ငံ့ဝန်ထမ်းထုကြီး၏ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှုပညာရပ်များ၊ အတွေ့အကြုံများနှင့် အင်အားသည် အရေးကြီးသောထောက်တိုင် အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဟု သဝဏ်လွှာပေးပို့ခဲ့သည်။