တော်လှန်ရေးကို အင်အားစုကြီး တစ်ရပ် အနေနဲ့ အရှိန်မြှင့် လုပ်ဆောင်ပြီး စစ်ကောင်စီကကို တွန်းလှန် တိုက်ခိုက် သွားမယ်လို့ ရှမ်းပြည်တောင်ပိုင်း ဒေသခံ တော်လှန်ရေး တပ်ပေါင်းစု-SSLRU ဥက္ကဌ စိုင်းစဝ်ဖ က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ SSLRU ဖွဲ့စည်း တည်ထောင်မှု တစ်နှစ်ပြည့် အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
SSLRU ဟာ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ တွေကို စုစည်း တည်ထောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို မှတ်ကျောက်တင် ဂုဏ်ပြုပါတယ်လို့ သဝဏ်လွှာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ပြည်သူတစ်ရပ်လုံးက လိုလားတဲ့ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး စတဲ့ ဘုံရည်မှန်းချက်တွေကို ရရှိအောင် စစ်ကောင်စီကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ SSLRU က ကတိပေး ပြောဆိုထားပါတယ်။
SSLRU ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး တပ်ပေါင်းစု ဖြစ်ပါတယ်။