၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ကို ကြိုဆိုတဲ့အနေနဲ့ “တော်လှန်ရဲမှ လွတ်လပ်ည်” ဆိုတဲ့ ကမ်ပိန်းကို မွန်တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF က ဦးဆောင်ပြုလုပ်နေပါတယ်။
အာဏာရှင်ဖိနှိပ်မှုအောက်မှာ ကျင်းပနေရတဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကို အဆုံးသတ်နိုင်ဖို့နဲ့ လွတ်လပ်ပြီးဂုဏ်သိက္ခာရှိရှိ ကျင်းပနိုင်ဖို့ ရည်ရွယ်ပြီး အဆိုပါ လှုပ်ရှားမှုကို လုပ်ဆောင်တာ ဖြစ်တယ်လို့ NRFF ကနေ သိရပါတယ်။
“ကမ်ပိန်းကတော့ မွန်အမျိုးသားနေ့အထိမ်းအမှတ်အနေနဲ့ လုပ်ဖြစ်သွားတာပါ၊ အတိတ်မှာလည်း တောက်လျှောက်လူထုအပေါ်ဖိနှိပ်ခဲ့သလို အခုအာဏာသိမ်းမှု ၃ နှစ်အတွင်းမှာလည်း လူထုကို မတရားဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်၊ ဒါတွေကို ကျနော်တို့အားလုံး စုပေါင်းအားနဲ့ပဲ အန်တုရင်ဆိုင်ရမယ်၊ နိုင်ငံရေးနိုးကြားစိတ်ရှိရှိနဲ့ တော်လှန်နေရမယ်ဆိုပြီး ရည်ရွယ်ပြီး လုပ်ဖြစ်တာပါ” လို့ NRFF တာဝန်ခံ နိုင်ပညာမာန်က တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အဲဒီ လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁၉ ကနေ ၂၆ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ “တော်လှန်ရဲမှ လွတ်မြောက်မည်” ကြွေးကြော်သံပါ စာတန်းတွေနဲ့ ဓာတ်ပုံရိုက်တာ၊ မွန်လုံချည်တွေပေါ်မှာ ယင်းစာတန်းကပ်ပြီး ဓာတ်ပုံရိုက်တာ (သို့) အဆင်ပြေရာ လုံချည်တွေပေါ်မှာ ကြွေးကြော်သံကို ကပ်ပြီး ဓာတ်ပုံရိုက်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန်လည်မျှဝေနိုင်တယ်လို့ နှိုးဆော်ထားပါတယ်။
လာမယ့် ၂၅ ရက်နေ့၊ တပို့တွဲ လပြည့်ကျော် ၁ ရက်နေ့ဟာ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဖြစ်ပါတယ်။
သာသာနာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့မှာ သာမလ၊ ဝိမလ မွန်ညီနောင်နှစ်ပါး ဟံသာဝတီနေပြည်တော် စတင်တည်ထောင်ခဲ့တဲ့နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကျင်းပလာခဲ့ကြတာ ဖြစ်ပါတယ်။