မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ ကျေးရွာ ၅ ရွာမှ လူနာတင်ကားများကို စစ်တပ်က သိမ်းဆည်းသွားပြီး တံဆိပ်ခွာ၍ ပြန်လည် အသုံးပြုနေကြောင်း ဒေသ ပြည်သူများက ပြောဆိုသည်။
စက်တင်ဘာလပိုင်းမှ စတင်ကာ တံတားဦးမြို့နယ်ရှိ တပယ်ရွာ၊ ထောက်ရစ်ရွာ၊ လက်ပန်ဇင်ရွာ၊ ပေါက်မြိုင်ရွာနှင့် မြေငူရွာတို့မှ လူနာတင်ကား ၈ စီးကျော်ကို အကြမ်းဖက် စစ်တပ်က သိမ်းဆည်းသွားပြီး တံဆိပ်များခွာ၍ ပြန်လည် အသုံးပြုနေကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ၅ ရွာများတွင် ပြည်သူများက အရေးပေါ်လူနာကို ဆေးရုံသို့ ပို့ဆောင်ရန် လူနာတင်ကားများဝယ်ယူထားခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်က PDF ရဲဘော်များ အသုံးပြုမည်ကို စိုးရိမ်သောကြောင့် လာရောက် သိမ်းဆည်းခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာအတွင်း အရေးပေါ်လူနာများရှိလာပါက ဆေးရုံသို့ပို့ဆောင်ရန် အခက်အခဲများရှိကြောင်း သိရှိရသည်။
” ကျေးရွာ ၅ ရွာက ကျန်းမာရေး ကားတွေကို စစ်တပ်က လာသိမ်းသွားတယ်။ PDF တွေ အသုံးပြုမှာ ဆိုးလို့လာသိမ်းတာလို့သိရတယ်။ ဒါပေမယ့် လာရောက်သိမ်းယူသွားပြီးတာနဲ့ တံဆိပ်တွေခွာပြီးတော့ သူတို့အသုံးပြုနေတာကို တွေ့ရပါတယ်။ အနည်းဆုံး ၈ စီးလောက်ရှိတယ်။ ခုလိုသိမ်းသွားတော့ ဆေးရုံဆေးခန်းသွားချင်ရင်တောင် သွားလို့မရတော့ပါဘူး။ အတော်ကိုအခက်တွေ့ရပါတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။