စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား ရှော့တိုက်ဒုန်း များဖြင့် ပစ်ခတ်တိုက်ခိုက်ရာလေယာဥ်ဂိုဒေါင်ကိုထိမှန်ကြောင်း တိုက်ခိုက်ခဲ့သည့် Freedom Revolution Force (FRF) အဖွဲ့တာဝန်ခံက ပြောသည်။
ဧပြီလ (၁၇)ရက် နံနက်၂ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀၇ မမ ၁၀ လုံး ၊ ၉၀ မမ ၅ လုံးဖြင့် တိုက်ခိုက်ရာ ၁၀၇ မမ ၅ လုံးမှာ ကျည်ထွက်မသွားကြောင်းသိရသည်။
“လေယာဥ် ၆ စီးထားတဲ့ ဂိုဒေါင်ကို မှန်ခဲ့တယ်။ ပျက်စီးမှုရှိတယ်လို့ပြောတယ်။ နောက် ဂျက်ဖိုက်တာအတက်အဆင်းလုပ်တဲ့ လေယာဥ်ပြေးလမ်းတစ်ခုပျက်စီးမှုရှိတယ်။ 107 ၅ လုံးကအခက်အခဲတစ်ခုကြောင့် ထွက်မသွားဘူး။ နောက်တနေ့မနက်ခင်းရှင်းလင်းရေးဝင်တဲ့အချိန်မှာ စစ်ကောင်စီဘက်ကသိမ်းဆည်းရမိသွားတယ်။”ဟု FRF အဖွဲ့၏ တာဝန်ခံက ပြောသည်။
တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကို လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါ။
“ပစ်ခတ်တိုက်ခိုက်မှုက ထိရောက်ပါတယ်။ကျန်တာကတော့ ထုတ်ပြန်ထားသလိုပါပဲ” ဟု အဆိုပါ တိုက်ခိုက်မှုနှင့် နီးစပ်သည့် PDF တစ်ဦးက People’s Spring ကို ပြောသည်။
Freedom Revolution Force (FRF) အထူးတာဝန်တပ်ဖွဲ့ – ၁၊ Kyaukse Revolution Army (KRA)၊ စဥ့်ကိုင်မြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့က အတူစစ်ဆင်ရေး ပြုလုပ်ခဲ့ကြောင်း FRF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။
လေယာဥ်ဂိုဒေါင်ကိုထိမှန်သည်ဟုသိရပြီး ကျန်ထိခိုက်မှုများကိုဆက်လက်စုံစမ်းနေဆဲဟု အသိပေးထားသည်။
တံတားဦးလေတပ်စခန်းအတွင်းရှိ လေယာဥ်ဂိုဒေါင်တလုံးသည် ရုတ်တရက် ပေါက်ကွဲမှုအပြင်းအထန်ဖြစ်ကာ ပြိုကျပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း၊ ပေါက်ကွဲမှုအား ပြင်ပသို့ မပေါက်ကြားရန် စစ်ကောင်စီက ကြိုးစားနေကြောင်း မန္တလေးတိုင်းအခြေစိုက် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်အသိပေးထားသည်။
“အဲနားနေတဲ့သူတွေကတော့ မနက်အစောကြီး ကြားလိုက်ရတယ်ပြောတယ်။ ၅ ချက်လောက်ကြားတယ်တဲ့။”ဟုတံတားဦးမြို့ခံတစ်ဦးက ပြောသည်။
ဧပြီ ၁၇ ရက်နေ့မနက်က တံတားဦးလေတပ်စခန်းအနီးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်းနှင့် ရှော့တိုက်ဒုန်း၆ လုံး သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံတယ်လီဂရန်ချန်နယ်များက ဖော်ပြထားသည်။
သင်္ကြန်မတိုင်မီကလည်း တံတားဦးလေတပ်စခန်းသို့ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေပြီး လေဆိပ်ပြင်ပရေခါးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။