ချင်းပြည်နယ်၊ထန်တလန်မြို့တွင် အောက်တိုဘာ ၁၀ ရက်မှ ယနေ့(အောက်တိုဘာ ၁၂ရက်) အထိ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
အောက်တိုဘာ ၁၀ ရက်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီးနောက်တိုက်ပွဲများဖြစ်ပွားကာ နှစ်ဖက်ထိခိုက်ကျဆုံးများရှိသည်ဟု မြေပြင်ရဲဘော်တချို့ထံမှသိရသည်။
“ထိတွေ့တိုက်ပွဲက ၃ ရက်ရှိပြီ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်တယ်။ဖြစ်ရင်လည်း တစ်ရက်ထဲကို လေးငါးခြောက်ကြိမ်လောက်ရှိတယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၁၀ ရက် နေလည်ပိုင်းတွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ၈ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီတပ်က ထန်တလန်မြို့တွင်းရှိ ဆေးရုံနှင့် စာသင်
ကျောင်းတိုကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
သုံးရက်ဆက်တိုက်ပွဲများပြင်းထန်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး(CNA)မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟုလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှသိရသည်။ စစ်ကောင်စီဘက်မှလည်း ထိခိုက်ကျဆုံးမှုများရှိသော်လည်း အရေအတွက်ကိုမူအတည်ပြုနိုင်ခြင်းမရှိသေးဟုချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်က အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသခံများမြို့ကိုစွန့်ခွာသွားခဲ့ကြခြင်းကြောင့် ယခုအခါထန်တလန်မြို့ပေါ်တွင် CDF-ထန်တလန်နှင့် စစ်ကောင်စီတပ်တို့သာ မြို့တစ်ဖက်စီတွင် တပ်စွဲထားသည်ဟုလည်း ဒေသခံတစ်ဦးကပြောသည်။
ချင်းပြည်နယ်မြို့တော် ဟားခါးနှင့် ၂၅ မိုင်သာ ဝေးသည့် ထန်တလန်မြို့တွင် ၂၀၂၁၊ စက်တင်ဘာ ၁၈ ရက်က မြို့ပေါ်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို အကြိမ်ကြိမ်မီးရှို့ဖျက်ဆီးခဲ့သည်။