ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စွန့်ခွာထွက်ပြေးသွားသော စခန်း ၁ ခုကို KNLA ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇန်နဝါရီလ ၄ ရက်နေ့တွင် တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဒေးလိုကျေးရွာအုပ်စု၊ မူဆာလေးတွင် တပ်စွဲ ထားသော အကြမ်းဖက် စစ်တပ်၏ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ် ထုတ်လုပ်ရေး ရေကာတာလုံခြုံရေးယူထားသော ရေကာတာလုံခြုံရေးတပ်စခန်း တို့မှ စကခ ၂၀ လက်အောက်ရှိ ခမရ−၅၈၁ တပ်သားများသည် စခန်း စွန့်ခွာ ထွက်ပြေးသွားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၆) မှ ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင်အတွင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖလေးဆာလိုတပ်စခန်းနှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကလောမီဒဲ တပ်စခန်းကြီးတို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားပြီးနောက် ရေကာတာလုံခြုံရေးတပ်စခန်းတို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် လည်း စခန်းအတွင်း မနေရဲတော့ဘဲ ၎င်းတို့၏ တပ်စခန်းများကို စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး ၅ ရက် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ စွန့်ခွာထွက်ပြေးသည့် တပ်စခန်း ၃ ခုအထိ ရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။