ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ အကြမ်းဖက်စစ်တပ်၏ တပ်စခန်းကို KNLA ဦးဆောင်သော မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိ အခြေအနေအထိ စစ်ရေးအခြေအနေတင်းမာနေကြောင်း၊ စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု များပြားကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်း Royal Peacock Column P-29913 မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ဖေဖော်ဝါရီ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များက စစ်ဆင်ရေးကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်း Royal Peacock Column P-29913 ၏ တာဝန်ရှိသူက ပြောကြားသည်။
” လက်ရှိအနေနဲ့ အဲဒီနေရာတွေကို စိုးမိုးထားနိုင်ဖို့ အပြိုင်ကြိုးစားကာလမလို့ နှစ်ဖက်အထိခိုက်အကျအဆုံး ၊ သိမ်းမိ လက်နက်ခဲယမ်းအခြေအနေတွေက ထုတ်ပြန်ဖို့ခက်ပါသေးတယ်။ အရပ်သားထိခိုက်မှုကတော့ အရမ်းများပါတယ်။ လေကြောင်း ထိခိုက်မှုပါ”ဟု Royal Peacock Column P-29913 ၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည် လေကြောင်းပစ်ကူနှင့်လက်နက်ကြီးများ၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူသေဆုံးမှုနှင့် ပြည်သူပိုင်အဆောက်အအုံပျက်စီးမှုများ များစွာ ဖြစ်ပေါ်ခဲ့ပြီး တော်၀င်ဒေါင်းစစ်ကြောင်းဘက်မှလည်း ရဲဘော်မင်းခန့်၊ ရဲဘော်သီဟ၊ ရဲဘော်ဘီးကြဲ နှင့် ရဲဘော် စာကလေးတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားသည့်ရက်မှ ယနေ့အချိန်အထိ အကြမ်းဖက်စစ်တပ်ဘက်က စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အအုံများကို လေကြောင်း၊လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်လျက်ရှိပြီး မြေပြင်တွင် စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း တော်၀င်ဒေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောကြားသည်။