ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ ထမ်ဆမ်းဂူအနီးမှာ တည်ထားတဲ့ ရွှေတိဂုံစေတီတော်(ပုံတူ) သာသနာ့မြေကနေ စစ်ကောင်စီအမြောက်တပ်ဟာ ပတ်၀န်းကျင်ရွာတွေကို ပစ်ခတ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။
လက်နက်ကြီးပစ်ခတ်သံတွေကို လွိုင်လင်၊ ပင်လုံဘက်က အထိ ကြားနေရလို့ အဲဒီဖက်တွေစစ်မီးကူးစက်လာမှာကို ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။
သာသနာ့မြေကို အကာအကွယ်ယူပြီး စိန်ပြောင်းကြီး ၂ လက်နဲ့ ပစ်ခတ်နေတာဖြစ်ပြီး ယင်းလက်နက်ကြီးတွေဟာ စံဖူး၊ ပန်အွတ်၊ စေငါစတဲ့ ထမ်ဆမ်းဂူအရှေ့ဘက် ရွာတွေနဲ့ ဆနင်း၊ လွယ်မော၊ မဲနယ်တောင် ဘက္က ရွာတွေဆီ ပစ်ခတ်နေတာ ၃ ရက် ရှိပြီလို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင် တောင်ကြီးကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းကို ယခုချိန်ထိ စစ်ကောင်စီနဲ့ PNO တွေက ပိတ်ဆို့ထားဆဲလို့ သိရပါတယ်။
တောင်ကြီး အထွက် ၄ မိုင် စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ဟိုပုံးလမ်းကြေးကောက်ဂိတ်တွေကို ပိတ်ထားပေမယ့် စစ်ကောင်စီရဲ့ဌာနဆိုင်ရာ ကားတွေနဲ့ ဟိုပုံးနယ်ခံကားတွေကိုတော့ မေးမြန်းပြီး လွှတ်ပေးနေတယ်လို့ သိရပါတယ်။
တောင်ကြီး- ကျိုင်းတုံ-မိုင်းဆတ် ကားလမ်းမှာ ဟိုပုံး၊ မိုင်းပွန်၊ လွယ်လင်၊ နမ့်စန်မြို့တွေမှာ ကားပေါင်းစုံပိတ်မိနေပြီး အချို့လဲ လာရာမြို့တွေဆီ ပြန်လှည့်နေကြတယ်လို့ သိရပါတယ်။
တောင်ကြီးဘက်က လာတဲ့ စက်သုံးဆီတွေ မရတော့တာဖြစ်လို့ နမ့်စန်မှာ သောင်တင်နေတဲ့ကားတွေ ဆီထည့်ဖို့တောင်အခက်အခဲရှိလာနေသလို မိုင်းပွန်မှာ ပိတ်မိနေတဲ့ကားတွေ ကို မြို့ခံတွေက တည်းခိုစရာကူညီပေးကြပေမယ့် စရိတ်တွေပြတ်လာနေပြီလို့ ခရီးသွားတွေဆီက သိရပါတယ်။
လွိုင်လင်မြို့နယ်၊ နမ်ယမ်းကျေးရွာအုပ်စု ၊ နမ်းဗောခံးကျေးရွာကို လေယာဉ်နဲ့ဗုံးကြဲ ၊ လက်နက်ကြီးနဲ့ပစ်နေတာမှာ ရွာသားတွေအကုန်တိမ်း ရှောင်သွားကြပေမယ့် အိမ်တွေကတော့ အကုန်ပျက်စီးကုန်ပြီလို့ သိရပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေကို ဆိုက်ခေါင်ဘောလုံးကွင်း၊ ကျူမုံကျေးရွာနဲ့ အခု ဟိုပုံရွှေတိဂုံစေတီတော်၀င်း သာသနာ့မြေတွေမှာ အထိုင်ချပြီး ပစ်ခတ်နေတာမှာ သာသနာ့အဆောက်အဦ ၇ ခု ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။