ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းချနေထိုင်နေတဲ့ အရှေ့တောဒေသ ဝကုန်းရွာတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ပွဲတွေ ဒီကနေ့မနက်စောစောပိုင်းကတည်းက ဖြစ်ပွားနေတာပါ။မွန်းလွှဲ ၂ နာရီလောက်မှာတော့ စစ်ကောင်စီက MI – 2 ရဟတ်ယာဥ်နဲ့ ဝကုန်းရွာတဝိုက်ကို ဗုံးကြဲသွားတာလို့ ဒေသခံနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
“ရဟတ်ယာဥ်အသံရော၊ ဗုံးသံတွေရောအကုန်ကြားရတယ်။ ကိိုယ်တွေ့ကြုံလိုက်ရပြီ။ အသံတွေလုံးဝ ဆူညံနေတယ်ဗျာ” လို့ ဝကုန်းရွာအနီးအနားမှာရှိနေတဲ့ဒေသခံ အမျိုးသားကပြောပါတယ်။
တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း စစ်ကောင်စီတပ်က ရဟတ်ယာဥ်နဲ့ ဗုံးသီး ဆယ်လုံးဝန်းကျင်ကြဲချသွားတဲ့အပြင် စက်သေနတ်တွေနဲ့လည်း ပစ်ခတ်သွားတယ်လို့ အတည်ပြုပြောပါတယ်။
လေကြောင်းကလာရောက်ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မေးမြန်းစုံစမ်းနေဆဲဖြစ်ပါတယ်။
အရှေ့တောဒေသထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ လောက်ဟာ အခုလ ၁၇ ရက်နေ့ကတည်းက ကား ၁၇ စီးနဲ့ ဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းထိုးတဲ့ ထားဝယ်-ထီးခီး လမ်းတလျှောက်မှာ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို မကြာခဏခံခဲ့ရတာပါ။
စစ်ကောင်စီတပ်ဟာ အခုနှစ်အတွင်းမှာပဲ တနင်္သာရီတိုင်းထဲက ထားဝယ်၊ ပုလော၊ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာ MI -2 ရဟတ်ယာဉ်နဲ့ ၈၁ မမ ဗုံးသီးတွေကို ကြဲချတိုက်ခိုက်ခဲ့ဖူးပါတယ်။