ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင်ရှိ မောထ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ တပ်မဟာ(၄)နှင့် တပ်မဟာ(၆)မှဦးဆောင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များနှင့် အတူ တိုက်ခိုက်သိမ်းပိုက်ခဲ့ဟု KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဘိတ် – ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ မောထစစ်ကောင်စီတပ်စခန်းအား ဧပြီ၂၄ ရက်တွင် ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တပ်စခန်းသည် အာဏာသိမ်း စစ် ကောင်စီမှ ၁၉၉၇ကတည်းက လာရောက်အခြေချခဲ့သော ခလရ (၁၉) တပ်ရင်းဖြစ်ပြီး KNLA တပ်ရင်း (၂၇)၊ တပ်ရင်း(၁၂)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ဟု ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ဖော်ပြသည်။
မောထ စခန်းရှိတပ်ဖွဲ့ဝင်များအားလုံး ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း အသိပေးခဲ့သည်။
မောထစခန်းသည် မြန်မာ-ထိုင်းနယ်စပ် စစ်စခန်းတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်သားများက စခန်းစွန့်သွား၍ ပစ်ခတ်မှု အနည်းငယ်သာ ဖြစ်ပြီး စခန်းကို သိမ်းနိုင်ခဲ့သည်ဟု KNLA တပ်ရင်း(၁၂)နှင့် တပ်ရင်း(၂၇)၏ တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောမှူးဂေက ပြောသည်။
” ကျနော်တို့ဘက်ခြမ်းမှာ ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု ဘာမှ မရှိဘူးပေါ့နော်။ ရန်သူဘက်ခြမ်းမှာကတော့ ထိခိုက်ဒဏ်ရာ သေဆုံးမှုတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူးဗျ။ကျနော်တို့ကတော့ တိုက်နေတဲ့ အချိန် စခန်းရောက်နေတဲ့အချိန် ရန်သူကို မတွေ့လိုက်ရဘူး။သူတို့ကတော့လေယာဉ်ပစ်ကူလည်းတောင်းလို့မရဘူး စစ်ကူလည်း တောင်းလို့မရနိုင်တဲ့ အချိန်မှာ ကျနော်တို့က အင်အားအလုံးအခဲနဲ့ တက်လာနေတဲ့အချိန်မှာ သူတို့ နည်းနည်းပါးပါးပဲ ခံ(ပစ်)ပြီးတော့ အခြေအနေမကောင်းတဲ့ အချိန်မှာ သူတို့က ဆုတ်ခွာတာပေါ့”ဟု ဒုဗိုလ်မှူးကြီးစောမှူးဂေက ပြောသည်။
စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။
KNU ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေတွင် ဧပြီ ၁၅ရက်ကလည်း နယ်စပ်စခန်းတစ်ခုအား စွန့်ခွာလာသည့် စစ်ကောင်စီ တပ်ရင်းတစ်ခုကို KNLA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူးဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် ၄၈ဦး လက်နက်ချခဲ့ရာ လက်နက်မျိုးစုံ ၆၇လက်ကို ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။