ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် မညိုမာဦး (ခ) မညိုမာ ထားဝယ်အကျဥ်းထောင်ကနေ ဒီနေ့မနက်ပိုင်းမှာ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
မညိုမာဦးကို ၂၀၂၁ ခုနစ်၊ မေလ၂၉ ရက်က ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်မှာ တခြားလူငယ် ၃ ဦးနဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ) တို့နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ် ၂ နှစ်နဲ့ ၆လအမိန့်ချမှတ်ခဲ့ပါတယ်။
အဲဒီနောက် ၁၉(စ)နဲ့ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ် ၁ နှစ်ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ထောင်ဒဏ် ၃ နှစ်နဲ့ ၆လအမိန့်ချမှတ်ခံခဲ့ရတယ်လို့သိရပါတယ်။
“သူက ၂၀၂၁ အောက်တိုဘာလ နိုင်ငံရေးအကျဥ်းသားတွေကိုလွှတ်ပေးချိန်မှာ နာမည်စာရင်းပါတယ်။ ပြီးတော့မှ နောက်ပုဒ်မကျန်တယ်ဆိုပြီးနေခဲ့ရတာ” လို့မညိုမာဦးနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
မညိုမာဦးဟာ ထားဝယ်အကျဥ်းထောင်မှာ အချိန် ၂ နှစ်ကျော်အကြာ အကျဥ်းချခံခဲ့ရပြီး ဒီနေ့ပြန်လွတ်လာခဲ့တာပါ။
မညိုမာဦးနဲ့အတူဖမ်းဆီးခံရတဲ့ ကိုသူရဇော်၊ ကိုစိုးသက်ဇော်နဲ့ ကိုခန့်ညီညီသန့်တို့ ၃ ဦးကလည်း လွန်ခဲ့တဲ့ ၇ လလောက်ကပြန်လွတ်မြောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသူ ၁၂ ဦး လွတ်ငြိမ်းနဲ့ လွတ်မြောက်လာခဲ့ပါတယ်။
လက်ရှိမှာတော့ ထားဝယ်အကျဥ်းထောင်အတွင်းမှာ နိုင်ငံရေးအမှုတွေနဲ့ အကျဥ်းကျခံနေရတဲ့ အမျိုးသမီးစုစုပေါင်း ၆၀ ဝန်းကျင်ရှိတယ်လို့ အကျဥ်းထောင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။