ထားဝယ်ခရိုင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးစစ်ကြောင်းတစ်ခုဖြစ်တဲ့ ဗထူးစစ်ကြောင်းကို ဗထူးတပ်မတော် အဖြစ် ပြောင်းလဲလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ်က စစ်ဆင်ရေးတွေမှာ ဗထူးစစ်ကြောင်းအနေနဲ့ ဖော်ဆောင်ခဲ့ပြီး အခုနှစ်အစမှာတော့ စစ်ရေးအရှိန်မြှင့်ဖို့အတွက် တပ်မတော်အဖြစ် ပြောင်းလဲလိုက်တာလို့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။
အခုလို ပြောင်းလဲဖွဲ့စည်းလိုက်တာဟာ တော်လှန်ရေးရဲဘော်တွေ စုဖွဲ့မှုနဲ့ အင်အားပိုမိုအားကောင်းလာအောင် ပြောင်းလဲဖွဲ့စည်းခဲ့တာလို့ ဗထူးတပ်မတော်ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူ ရဲဘော်ထက်မြက်က ဆိုပါတယ်။
“စစ်ကြောင်းနဲ့ Army ဆိုတဲ့ ခေါင်းစဥ်နှစ်ခုအောက်မှာတော့ ကွာဟချက်တွေအများကြီးရှိတာပေါ့။ အရင်စစ်ကြောင်းအစုအဖွဲ့တုန်းကတော့ ကျနော်တို့ တိုက်ခိုက်ရေးအင်းအားစုတွေက နေရာဒေသ တူညီမှုမရှိတဲ့ နယ်မြေတွေနဲ့ စုဖွဲ့ထားတာဆိုတော့ စစ်ဆင်ရေးဖော်ဆောင်မှုလုပ်တဲ့အချိန်တွေမှာ အချိန်နှောင့်နှေးမှုတွေ၊ စုဖွဲ့မှုတွေ အားနည်းခဲ့တယ်။ လက်ရှိတပ်မတော် အနေနဲ့စတင်တည်ထောင်ဖွဲ့စည်းလိုက်တဲ့အတွက် တိုက်ခိုက်ရေးရဲဘော်တွေစစ်ဆင်ရေးဖော်ဆောင်တဲ့အခါ စုဖွဲ့မှုအားကောင်းကောင်းနဲ့ တက်ညီလက်ညီ ရှိလာမှာဖြစ်တယ်” လို့ ပြန်ကြားရေးတာဝန်ရှိသူ ရဲဘော်ထက်မြက် ပြောပါတယ်။
ဗထူးတပ်မတော်ကို Local PDF တွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပကဖအဖွဲ့တွေကနေ နှုတ်ထွက်လာတဲ့ တပ်စု၊ တပ်ဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာလို့ ရဲဘော်ထက်မြက်ရဲ့ ပြောပြချက်အရသိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာဖွဲ့စည်းခဲ့တဲ့ ဗထူးစစ်ကြောင်းမှာတော့ လောင်းလုံး ပကဖ၊ ရေဖြူ ပကဖ၊ DGRF၊ YPPDF နဲ့ TPDF တို့ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
အဲဒီနောက် ထားဝယ်ခရိုင်အတွင်းက ရေဖြူ၊ လောင်းလုံးနဲ့ ထားဝယ်မြို့နယ်တွေမှာ စစ်ဆင်ရေးတချို့လုပ်ဆောင်ခဲ့ပါတယ်။
မြိတ်ခရိုင်မှာလည်း တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ်ပကဖ၊ ပုလောမြို့နယ်ပကဖ၊ NUG လက်အောက်ခံ တပ်ရင်းတွေနဲ့ ဒရုန်းအဖွဲ့တွေက ပူးပေါင်းကာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းအချိန်က စစ်ကြောင်း ၁ နဲ့ စစ်ကြောင်း ၂ ဆိုပြီး ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီစစ်ကြောင်းနှစ်ခုကတော့ တနင်္သာရီနဲ့ ကျွန်းစုမြို့နယ်တွေမှာ အခုလက်ရှိစစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။