တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၏ အပတ်စဥ် (၁) အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်၍ ယမန်နေ့ ဇွန်လ ၁၂ ရက် နေ့တွင် စတင် သင်ကြား နေပြီဖြစ်ကြောင်း DDPDF အဖွဲ့ထံက သိရသည်။
ရဲဘော်များအတွက် အခြေခံကွန်ပျူတာနှင့်ဆိုင်သော နည်းပညာပိုင်းဆိုင်ရာများကို အခြေခံမှစ၍ သင်ကြားပေးခြင်းဖြစ်ကာ အခြားနည်းပညာပိုင်းဆိုင်ရာများကိုလည်း စနစ်တကျ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးအနေနဲ့ အခုလို သင်ကြား ပေးတာဟာ တပ်ဖွဲ့ဝင်တစ်ဦးချင်းစီကို အရည်အချင်းပြည့်မီတဲ့ တပ်ဖွဲ့ဝင်ကောင်း ဖြစ်စေဖို့ ရည်ရွယ်သင်ကြားပေးတာပါ”ဟု DDPDF တာဝန်ရှိသူကပြောသည်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး အပတ်စဥ်(၁)အခြေခံသင်တန်းကို တက်ရောက်လိုသူ သင်တန်းသားအများအပြားရှိသော်လည်း ကွန်ပျူတာ၊ လျှပ်စစ်နှင့် အခြားဆက်စပ်ပစ္စည်းများ လိုအပ်ချက်ရှိနေ၍ သင်တန်းသား အနည်းငယ်ကိုသာ လက်ခံသင်ကြားပေးနိုင်သေးကြောင်း DDPDF တာဝန်ရှိသူက ဆိုသည်။
ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးတွင် ဖွင့်လှစ်သည့် ကွန်ပျူတာသင်တန်းတွင် သင်တန်းသားဦးရေ ပိုမိုသင်ကြား ပေးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းဆက်သွယ်ကူညီ ထောက်ပံ့ပေးနိုင်ကြောင်း DDPDF က အသိပေးထုတ်ပြန်ထားသည်။