ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ကဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စစ်ရေယာဉ်တွေကနေ လောင်းလုံးမြို့နယ်ဘက်ကို လက်နက်ကြီးတွေနဲ့ ဒီကနေ့မနက်က ပစ်ခတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။
အဲဒီစစ်ရေယာဉ်ငါးစီးဟာ မနေ့ကညနေပိုင်းမှာမှ ကြက်စားပြင်ရပ်ကွက်၊ ကာစတန်ဆိပ်ကမ်းအနီးက ထားဝယ်မြစ်ကမ်းကို ရောက်လာခဲ့တာပါ။
မြို့ခံတွေရဲ့ ပြောပြချက်အရ လက်နက်ကြီးတပ်ဆင်ထားတဲ့ စစ်ရေယာဉ်တွေပေါ်ကနေ လောင်းလုံးမြို့ဘက်ကို ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးနဲ့ လေးချက်ခန့် စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“သေနတ်တွေလည်း ဖောက်သေးတယ်။ လက်နက်ကြီးပစ်ထုတ်နေတဲ့အသံကို ဒီနားတဝိုက်ကအကုန်ကြားတယ်” လို့ ပစ်ခတ်နေတဲ့ အနီးတဝိုက်မှာ နေထိုင်တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ရေယာဉ်တွေရှိနေတဲ့ ကာစတန်ဆိပ်ကမ်းတလျှောက်လုံးကိုလည်း စစ်ကောင်စီတပ်သားတွေ ကင်းချထားတယ်လို့ မြို့ခံက ပြောပါတယ်။
ဒီကနေ့မနက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လောင်းလုံးမြို့နယ်က ရွာဟောင်းဝ၊ ပန္ဒလဲနဲ့ သဗျာရွာတွေဘက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ လောင်းလုံးဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လက်နက်ကြီးကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။
အခုလ ၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားတွေစက်လှေနှစ်စီး လောင်းလုံးမြို့နယ်က သပြေရှောင်နဲ့ သကျက်တောရွာတွေဘက်ကို သွားရောက်စောင့်ကြည့်နေချိန် RPG လို့ယူဆရတဲ့ လက်နက်ကြီးတခုနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။
အဲဒီပစ်ခတ်ခံရမှုကြောင့် စက်လှေပျက်စီးပြီးစစ်ကောင်စီတပ်သားတွေသေဆုံးတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
ထားဝယ်မြို့ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ စစ်ကောင်စီစစ်ရေယာဉ်ငါးစီးဟာ ဒီနေ့ညနေ ၄ နာရီခွဲအထိ ရှိနေသေးတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီရေယာဥ်တွေကနေ ကုန်းပေါ်ကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဖြစ်စဥ်တွေဟာ လောင်းလုံးမြို့နယ်အပြင် သရက်ချောင်းမြို့နယ်မှာလည်းရှိခဲ့ဖူးပြီး ပုလောနဲ့ ကျွန်းစုမြို့နယ်တွေမှာတော့ လက်နက်ကြီးပစ်ခတ်တာအပြင် အခုနှစ်အတွင်း ရေကြောင်းတိုက်ပွဲပုံစံအထိဖြစ်ပွားခဲ့ပါတယ်။