ထားဝယ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုအောင်ဝေယံကျော်အပါအဝင် နိုင်ငံရေးအကျဥ်းသား ၁၄ ဦး ဒီနေ့မနက်မှာ ပြန်လွတ်လာတယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။
ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုအောင်ဝေယံကျော်၊ ကိုသုတတင်စိုး(ခ) မောင်တူး၊ ကိုအောင်သူရဇော်၊ ကိုရဲထွန်း၊ ကိုဝေယံထက်၊ ကိုကျော်မင်းဦး၊ ကိုဇင်မြတ်ဦး၊ ကိုကိုလင်းနိုင်၊ ကိုဝင်းလတ်ထွေး၊ ကိုဥက္ကာရှိုင်းအောင်နဲ့ ကိုဝေယံဌေး စတဲ့နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။
“ကျတာက လေးနှစ်ဆိုပေမဲ့ လျှော့ရက်နဲ့ဆိုတော့ ရက်ကစေ့ပြီဗျ။ တကယ်တမ်း မနေ့ကလွတ်ရက်စေ့တာပေါ့။ တနင်္ဂနွေဖြစ်နေလို့ ရှေ့တရက်တိုးလိုက်တာ” လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
ဒီနေ့လွတ်မြောက်လာသူတွေဟာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က)အတွက် ထောင်ဒဏ် ၃ နှစ်နဲ့ လက်နက်အမှု ပုဒ်မ ၁၉ (စ)အတွက် ထောင်ဒဏ် ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် အမိန့်ချမှတ်ခံထားရသူတွေဖြစ်ပါတယ်။
အဲဒီထဲက ကိုအောင်ဝေယံကျော်အပါအဝင် ၉ ဦးကတော့ ၂၀၂၁ ခုနစ် မတ်လ ၁၈ ရက်နေ့က ထားဝယ်မြို့ပေါ်ဝဲကျွန်းရပ်ကွက်က နေအိမ်တဆောင်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ဝင်ရောက်စီးနင်းချိန် ဖမ်းဆီးခံခဲ့ရတာပါ။
နိုင်ငံရေးအကျဥ်းသား ၁၄ ဦးအပြင် မူးယစ်ဆေးဝါးအမှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အကျဥ်းသား ၅ ဦးလည်း ဒီနေ့မနက်မှာလွတ်မြောက်လာတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့အမှု တချို့လျှော့ပေါ့ပေးတဲ့ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ကလည်း ထားဝယ်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသား ၃ ဦးအပါအဝင် အကျဥ်းသား ၃၀ ကျော်လွတ်မြောက်လာခဲ့ပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အကျဥ်းသားစုစုပေါင်း တစ်ထောင်ဝန်းကျင်ရှိပြီ တစ်ဝက်လောက်က နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။