တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများ အထိနာပြီးနောက် စစ်ကောင်စီတပ်သည် ယနေ့ နံနက်ပိုင်းမှစတင်ကာ အရပ်သားနေထိုင်ရာကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေကြောင်း သတင်းရရှိသည်။
ထားဝယ်မြို့နယ် ဒေသအခေါ် အရှေ့တောဒေသရှိ မေတ္တာမြို့နှင့် ဟိန္ဒားပြင်ကျေးရွာအနီးပတ်ဝန်းကျင်ကို ယနေ့(မတ် ၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီး၊ တိုက်ခိုက်ရည်ရဟတ်ယာဉ်တစ်စီးဖြင့် ပတ်၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့က ပြောသည်။
” အရင်ရက်ကတိုက်ပွဲတွေမှာ အထိနာပြီး ပြည်သူကိုပစ်မှတ်ထားပြီလာပစ်တာ။ မြေပြင်ထိခိုက်မှုတွေကိုကျွန်တော်တို့မသိရသေးဘူး။ လေကြောင်းကတော့ ပြင်းပြင်းထန်ထန်လာပစ်နေတယ်”ဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီက ယခုလေကြောင်းမှလာရောက် တိုက်ခိုက်နေသည့် အရှေ့တောဒေသ၌
ဖေဖော်ဝါရီ ၂၁ရက်က စစ်ကား ၁၇ စီး၊အင်အား ၃၀၀ခန့်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့သည်။
ထိုနေ့က ထားဝယ် – ထီးခီးလမ်းပိုင်းမှ ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာကြားတွင် တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကား ၆ စီး ပျက်စီးကာ သေဆုံးသူ ၂၀ဦးထက်မနည်းရှိခဲ့သည်။
အဆိုပါတိုက်ပွဲ၌လည်း စစ်ကောင်စီက MI – 2 ရဟတ်ယာဥ်ဖြင့် ဝကုန်းကျေးရွာကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာအနီးမှ စစ်ကောင်စီစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက မတ်လ ၂ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ထိုတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၁၁ဦး သေဆုံးကာ လက်နက်ခဲယမ်းအများအပြားရရှိကြောင်း တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။
တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများသည် စစ်ကောင်စီတပ်သားများ အခြေစိုက် ရာစခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်ထားသည်။