စစ်ကောင်စီတပ်ဖွဲ့တွေ ကျေးရွာတွေမှာ စစ်ကြောင်းထိုးနေချိန် ထားဝယ်မြို့ပေါ်မှာလည်း ဧည့်စာရင်းအကြောင်းပြပြီး ညဘက် စစ်ဆေးတာတွေ အခုရက်ပိုင်း ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ လေးရက်လောက်ကစလို့ မြို့ပေါ်က ဥဿရံ၊ မြောင်းပုလဲနဲ့ မြို့သစ်ရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြစစ်ဆေးခဲ့ပြီး မနေ့ညကလည်း ကြက်စားပြင်ရပ်ကွက်က အခန်းတွဲနဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်သားနဲ့ ရဲတွေက စစ်ဆေးခဲ့ပါတယ်။
“အခန်းတွဲတွေအဓိက အစစ်ခံရတယ်။ တချို့ကိုဆို မျက်နှာကိုပါ ဖုန်းနဲ့ဓာတ်ပုံရိုက်သွားတယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ကျေးရွာတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းထိုးတာကြောင့် မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာသူတွေကို အခုလိုစစ်ဆေးတာတွေလုပ်ဆောင်လေ့ရှိတယ်လို့ မြို့ခံတွေကဆိုပါတယ်။
အခုရက်ပိုင်းမှာတော့ စစ်ကောင်စီတပ်က ထားဝယ်မြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာ စစ်ကြောင်းထိုးတာနဲ့ အရပ်သားတွေကိုဖမ်းဆီးတာ၊ နေအိမ်မီးရှို့တာတွေလုပ်ဆောင်နေပါတယ်။ စစ်ကောင်စီတပ်က အဲဒီလိုလုပ်ဆောင်ချိန် သွားလာလို့အဆင်ပြေတဲ့ဒေသခံတချို့ဟာ ထားဝယ်မြို့ပေါ်ကိုပဲ စစ်ဘေးရှောင်ကြတာဖြစ်ပါတယ်။
အဲ့ဒီလို ညဘက်တွေမှာ အစစ်အဆေးများပေမဲ့ ပြောင်းရွေ့လာသူအများစုဟာ ကြိုတင်ဧည့်စာရင်းတိုင်ထားတတ်တာကြောင့် ဖမ်းဆီးခံရတာမျိုးတော့ မကြားရသေးဘူးလို့ မြို့ခံတွေကပြောပါတယ်။
မြို့ပေါ်ကိုရွှေ့ပြောင်းနေထိုင်သူအများစုဟာ မကြာခဏစစ်ကြောင်းထိုးခံနေရတဲ့ ကျေးရွာတွေကဖြစ်ပြီး တချို့ကငှားနေကြပေမဲ့ အပြီးသတ်ပြောင်းလာသူတွေလည်း အများအပြားရှိလာတယ်လို့ ဆိုပါတယ်။
“အခုကာလ အခန်းငှားအိမ်ငှားကြတဲ့သူတွေက ရွာဘက်ကချည်းပဲ။ ရွာကလူတွေတော်တော်များလာတယ်။ ဘုန်းကြီးကျောင်းတွေမှာလည်းအများကြီးပေါ့” လို့ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းမှာ မြို့ပေါ်ကလမ်းဆုံတွေမှာ အစစ်အဆေးတွေ များပြားနေသလို စစ်ဆေးရေးဂိတ်တွေမှာလည်း တင်းကြပ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာလည်း သရက်ချောင်းမြို့နယ်ကိုသွားတဲ့ ပေါက်တိုင်းတံတားက စစ်ဆေးရေးဂိတ်နဲ့ ထားဝယ်မြို့နယ်အရှေ့တောဒေသကိုသွားတဲ့ လမ်းပေါ်က ဗျောတောဝ စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်သား အင်အား၂၀ လောက်စီရောက်ရှိနေတယ်လို့ ဖြတ်သန်းသွားလာသူတစ်ဦးက ပြောပါတယ်။