ဝန်ထမ်းတွေဆက်တိုက်ထွက်ပြေးနေတဲ့ ထားဝယ်အကျဥ်းထောင်ကနေ အခုရက်ပိုင်းထဲမှာပဲ နောက်တစ်ယောက်ထပ်ပြေးသွားတယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူကပြောပါတယ်။
ထွက်ပြေးသွားသူဟာ အကျဥ်းဦးစီးဌာနက တပ်သား သန့်ဇင် ဖြစ်ပြီးအခုလ ၁၂ ရက်နေ့ကစလို့ ဆက်သွယ်လို့မရဘဲ ပျောက်ဆုံးသွားမှ ထွက်ပြေးသွားကြောင်း အာဏာပိုင်တွေက သိခဲ့ရတာပါ။
“သူကထောင်ထဲကလူပျိုဆောင်မှာနေတာ။ အရင်လူတွေလိုပဲ တိတ်တိတ်လေးပျောက်သွားတာ” လို့အကျဥ်းထောင်နဲ့နီးစပ်သူကပြောပါတယ်။
တပ်သားသန့်ဇင်ထွက်မပြေးခင် အခုလ ၉ ရက်နေ့ကလည်း အိပ်ဆောင်မှူး ဗိုလ်လေးသန်းဌေးဆို သူထားဝယ်အကျဥ်းထောင်က တိတ်တဆိတ် ထွက်ပြေးခဲ့ပါတယ်။
အခုလို ဆက်တိုက်ထွက်ပြေးမှုကြောင့် ၂၀၂၃ ခုနစ်အတွင်း ထားဝယ်ထောင်ကထွက်ပြေးတဲ့ဝန်ထမ်းစုစုပေါင်း ၉ ဦးအထိရှိလာပါတယ်။ ထွက်ပြေးသူအားလုံးဟာ အမျိုသားတွေဖြစ်ပြီး တစ်ဦးကတော့ပြန်လည်ဖမ်းဆီးခံခဲ့ရပါတယ်။
ထွက်ပြေးသူ ၉ ဦးထဲက ၇ ဦးကဟာ ပြီးခဲ့တဲ့ အောက်တိုဘာလအစပိုင်းက ထားဝယ်ထောင်အကျဥ်းဦးစီးတပ်သားနှစ်ဦး ထားဝယ်မြို့ပြင်က လမ်းတနေရာမှာ ပစ်သတ်ခံရတဲ့ဖြစ်စဥ်ဖြစ်ပွားပြီးနောက်မှာ ထွက်ပြေးခဲ့ကြတာပါ။
အဲဒီမတိုင်ခင် အခုနှစ်ဇွန်လအစပိုင်းက ဒုတပ်ကြပ် နိုင်လင်းကျော်ထွက်ပြေးခဲ့ပြီး စက်တင်ဘာလထဲမှာလည်း အကျဥ်းဦးစီးအရာရှိစိုးပိုင်တို့ထွက်ပြေးခဲ့ပါတယ်။ အရာရှိစိုးပိုင်ကတော့ ထားဝယ်လေဆိပ်မှာ ဖမ်းမိတာကြောင့် တပ်သားအဆင့်နဲ့ပြန်လည်တာဝန်ထမ်းဆောင်နေရပါတယ်။
အခုလိုထွက်ပြေးတာတွေဆက်တိုက်ဖြစ်လာလို့ ဝန်ထမ်းတွေ ဖိအားများပြီး ဝန်ထမ်းအင်အားနဲ့အလုပ်ဝန်မမျှတာတွေလည်း ဖြစ်နေတယ်လို့ အကျဥ်သားမိသားစုဝင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။
“ရှိနေတဲ့သူတွေကလည်း ပြေးလို့မလွယ်လို့နေနေတာဖြစ်သွားပြီ။ အကုန်လုံးမှာ ကြောက်စိတ်ကဝင်နေပြီ။ အားလုံးပြာယာနေတာ။ အရမ်းသိသာတယ်” လို့ အကျဥ်းသားမိသားစုဝင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ နောက်ဆုံးပတ်ကစပြီး အကျဥ်းဦးစီးတပ်သားအသစ်ခေါ်နေပေမယ့် လျောက်ထားသူ အနည်းအကျဥ်းသာရှိခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူကဆိုပါတယ်။
ထားဝယ်အကျဥ်းထောင်ဟာ တနင်္သာရီတိုင်းမှာ နိုင်ငံရေးအကျဥ်းသားအများဆုံးဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဥ်းထောင်ဖြစ်ပြီး NLD အစိုးရရဲ့တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဦးမြင့်မောင်ကို ဖမ်းဆီးအကျဥ်းချထားတဲ့ထောင်လည်းဖြစ်ပါတယ်။