အကျဥ်းသားအများအပြားဖမ်းဆီးချုပ်နှောင်ထားတဲ့ ထားဝယ်အကျဥ်းထောင်က အကျဥ်းသားတွေ ဝဲနဲ့ယားနာတွေ ဆိုးဆိုးရွားရွား ဖြစ်နေတယ်လို့ အကျဥ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။
ဝဲနဲ့ယားနာဖြစ်ပွားနေတာဟာ ကြာပြီဆိုပေမယ့် အခုရာသီဥတုပူပြင်းချိန်မှာတော့ ပိုမိုဆိုးရွားလာပြီး အမျိုးသားအဆောင်မှာရှိတဲ့ အကျဥ်းသား အားလုံးနီးပါးမှာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်ကတော့ “ဝဲပေါက်နေတာ တကိုယ်လုံးအနှံ့ပဲ။ ယားလို့ကုတ်နေရတာ လက်နှစ်ဖက်တောင်မလောက်ဘူးတဲ့။ အပြင်ကနေလည်းဆေးအမျိုးမျိုးဝယ်ထည့်ပေးပေမဲ့ မသက်သာဘူး။ တစ်ယောက်တည်း ဘယ်လိုသန့်အောင်နေနေ၊ အသားချင်းထိနေတော့ပြန်ကူးတာပဲ” လို့ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်ဟာ အကျဥ်းသားဦးရေ ၈၀၀ ဝန်းကျင်ပဲဝင်ဆံ့တဲ့ အကျဉ်းထောင်တစ်ခုဖြစ်ပေမဲ့ အခုလက်ရှိမှာ အကျဥ်းသား၊ အကျဥ်းသူစုစုပေါင်း ၁၁၀၀ ကျော်အထိရှိနေပါတယ်။
အဲဒါကြောင့် လူ ၄၀ ကျော်ဝင်ဆံ့တဲ့အခန်းမှာ ၆၀ ကျော်အထိနေထိုင်နေရပြီး ၉၀ လောက်ဝင်ဆံ့တဲ့အခန်းမှာ ၁၀၀ ကျော်အထိနေထိုင်နေရကာ အိပ်စက်ချိန်တွေမှာ ခြေထောက်ချင်းထပ်နေတဲ့ အနေထားအထိရောက်နေတယ်လို့ သိရပါတယ်။
လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထားဝယ်မြို့ခံ ဆရာဝန်တစ်ဦးကတော့ ခုလို ပူပြင်းလွန်းတဲ့ ရာသီဥတုနဲ့ လူထူထပ်နေရင် လက်ရှိဖြစ်နေတဲ့ ဝဲ၊ ယားနာနဲ့ အရေပြားရောဂါတွေဟာ ပိုမိုလျင်လျင်မြန်မြန်ကူးစက်နိုင်တယ်လို့ သတိပေးပါတယ်။
“ဝဲလိုမျိုး၊ ယားနာတွေမှာ သေချာမကုသပေးနိုင်ရင် နောက်ဆက်တွဲ ပိုးဝင်တာ (secondary infection)ဖြစ်ပြီး လူကိုဖျားနာစေနိုင်တယ်။ အဲဒီအဆင့်မှာ မကုသနိုင်ရင် ပိုဆိုးလာပြီး သွေးဆိပ်တက်တဲ့အထိ ရောက်ရှိလာရင်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ လူတိုင်းတော့မဖြစ်နိုင််ဘူး။ အနာက အရည်တွေထွက်တဲ့ ဝဲအစို အမျိုးအစားဖြစ်ရင် နောက်ဆက်တွဲ ဘက်တီးရီးယား ပိုးဝင်တာကို ပိုဖြစ်စေနိုင်ပါတယ်” လို့ ဆရာဝန်က ရှင်းပြပါတယ်။
ထားဝယ်အကျဥ်းထောင်မှာတော့ ထောင်တွင်းဆေးပေးခန်းကနေ ယားနာပျောက်တဲ့လိမ်းဆေးတွေပေးနေပေမဲ့ လက်ရှိအချိန်ထိမသက်သာတဲ့အပြင် ပိုဆိုးနေတယ်လို့ အကျဥ်းသားမိသားစုဝင်တွေက ပြောပါတယ်။
သန့်ရှင်းတဲ့နေရာထိုင်ခင်းနဲ့ သန့်ရှင်းတဲ့ရေအလုံအလောက်မရရှိရင်လည်း လက်ရှိဖြစ်နေတဲ့ဝဲနဲ့ ယားနာရောဂါတွေ ပိုမိုကူးစက်ပြီး ဆိုးရွားလာနိုင်တယ်လို့လည်း ထားဝယ်မြို့ခံဆရာဝန်က ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်မှာတော့ အကျဥ်းသားတွေဟာ ရေကိုအကန့်အသတ်နဲ့ပဲ သုံးရပြီး ရေချိုးတဲ့အချိန်မှာလည်း သတ်မှတ်ထားတဲ့ခွက်ရေနဲ့ပဲ ချိုးရပါ။
ထားဝယ်အကျဉ်းထောင်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအမှုနဲ့ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၃၅၀ ဝန်းကျင်ရှိပါတယ်။