နွေဦးတော်လှန်ရေးကာလအတွင်း ထားဝယ်အကျဥ်းထောင်မှာ ထောင်ဒဏ် ဆယ်နှစ်နဲ့အထက်အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူ ၂၇ ဦးအထိရှိနေပါတယ်။
ထားဝယ်ထောင်နိုင်ငံရေး အကျဉ်းသားများကွန်ရက်ရဲ့ စာရင်းအရ ထားဝယ်ထောင်မှာ အမိန့်ချခံထားရပြီးသား နိုင်ငံရေးအကျဥ်းသူစုစုပေါင်း ၈၀ ဦးဝန်းကျင်ရှိတာပါ။ အဲ့ဒီထဲမှာမှ ထောင်ဒဏ် ၁၀ နှစ်နဲ့အထက် အမိန့်ချခံရသူ နိုင်ကျဉ်းအမျိုးသမီးတွေ အားလုံးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ စွပ်စွဲကာ အမိန့်ချခံထားရသူတွေ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ စွဲဆိုခံရသူတွေကို ထောင်ဒဏ်အနည်းဆုံး ၁၀ နှစ်အမိန့်ချထားတာကို တွေ့ရပြီး နောက်ထပ်ပုဒ်မတွေရှိရင်လည်း ထောင်ဒဏ်တွေထပ်ပေါင်းပြီးအမိန့်ချနေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လ ၃၁ ရက်နေ့ကလည်း ထားဝယ်အမျိုးသမီးသမဂ္ဂရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် မနှင်းအိထွေးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)နဲ့ ထောင်ဒဏ် ၁၀ နှစ်အမိန့်ကို ထားဝယ်ခရိုင်တရားရုံးက ချမှတ်ခဲ့ပါတယ်။
ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသူတွေထဲမှာ ထောင်ဒဏ်အများဆုံးချခံထားရတာကတော့ထားဝယ်မြို့ခံ မယဥ်ယဥ်ချိုဖြစ်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ နှစ်ခု၊ ပုဒ်မ ၅၁၊ပုဒ်မ ၅၂၊ ပုဒ်မ ၅၄ တို့နဲ့ ထောင်ဒဏ်စုစုပေါင်း ၄၄ နှစ် အမိန့်ချထားပါတယ်။
၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူ ကိုလည်း တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကို Kpay ကတစ်ဆင့် ကျပ် ၁၃၅၀၀ လှူဒါန်းခဲ့ဖူးတဲ့အတွက် အကြမ်းဖက်ဥပဒေနဲ့ တရားစွဲကာ အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရတာပါ။
ထားဝယ်မြို့ခံနိုင်ငံရေးအကျဉ်းသူဟောင်း တစ်ဦးကတော့ အခုလိုနှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံနေရတာဟာ နိုင်ငံရေးအကျဥ်းသူတွေအတွက် ဆိုးရွားတဲ့ကိစ္စဖြစ်တယ်လို့ပြောပါတယ်။
“အမျိုးသမီးအဆောင်က နေထိုင်ရတာက အရမ်းကျဥ်းကြပ်တယ်။ အမျိုးသားအဆောင်မှာလို လေ့ကျင့်ခန်းလုပ်မယ့်နေရာမရှိဘူး၊ စကားကျယ်ကျယ်ပြောလို့မရဘူး။ အဲလိုနေရာမှာ ကြာရှည်နေရမယ်ဆိုရင် အရမ်းကိုစိတ်ဓာတ်ကျစေတယ်။ အကျဥ်းသူတွေ ခဏခဏကျန်းမာရေးပြဿနာတွေဖြစ်နေတာ အဲဒါကြောင့်ပဲ” လို့ မြို့ခံနိုင်ငံရေးအကျဥ်းသူဟောင်းက ပြောပါတယ်။
အမိန့်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသူတွေထဲမှာ အသက် ၁၉ နှစ်အရွယ်အမျိုးသမီးကနေ အသက် ၇၀ ဝန်းကျင်အရွယ်အသက်ကြီးပိုင်း အထိ ပါဝင်ပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းကာလ သုံးနှစ်အတွင်း တနင်္သာရီတိုင်းမှာ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဥ်းသူ ၂၄၅ ဦးအထိ ရှိနေပါတယ်။
တနိုင်ငံလုံးမှာ ဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဥ်းသူကတော့ ၃၈၀၀ ဦး နီးပါးအထိရှိတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။